Tel: 067409019 | Mail: messenger@e-mining.gov.mm



ဓာတ်သတ္တုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ဆောင်ရွက်ရန် နည်းလမ်းအဆင့်များ
၁။ နိုင်ငံခြားကုမ္ပဏီသည် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာနိုင်ငံ သံရုံးထောက်ခံချက် ဖြင့် သံရုံးနှင့်  မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ  တစ်ဆင့် သတ္တုတွင်းဝန်ကြီးဌာနသို့ ပြည်ထောင်စုဝန်ကြီး နှင့် ဂါရ၀ပြုတွေ့ဆုံ ခွင့် တောင်းခံ၍ မြန်မာနိုင်ငံတွင် သတ္တုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဆွေးနွေးရန်။
၂။ နိုင်ငံခြားကုမ္ပဏီများသည်  ပြည်ထောင်စုဝန်ကြီး (သို့)  သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပြီး ဆောင်ရွက်လိုသည့် သတ္တုနှင့် နေရာဒေသများကို ဆွေးနွေးရန်။
၃။ ကုမ္ပဏီသည် ဆောင်ရွက်လိုသည့် သတ္တုဖြစ်ထွန်းရာ ဒေသများသို့ ပဏာမ ကွင်းဆင်းလေ့လာရေးခရီး သွားရောက်လိုပါက   သက်ဆိုင်သည့်ဦးစီးဌာနမှ ကျွမ်းကျင်မှုဆိုင်ရာများကိုလိုက်ပါကူညီ  ဆောင်ရွက်ပေးမည် ဖြစ်ပြီး  အောက်ဖော်ပြပါ  စာရွက်/ စာတမ်းများနှင့်အတူ  သတ္တုတွင်းဝန်ကြီးဌာနသို့    နှစ်ပတ် ကြိုတင်၍ တင်ပြ လျှောက်ထားရန်နှင့် သက်ဆိုင်သည့် ဦးစီးဌာနသို့  မိတ္တူပေးရန်-
(က) ခရီးစဉ်အဆိုပြုလွှာ။
( ခ ) သွားရောက်မည့် ခရီးစဉ်ဇယား(သို့) အစီအစဉ်။
( ဂ ) မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ နိုင်ငံသံရုံးထောက်ခံစာ။
(ဃ) ကိုယ်တိုင်အာမခံ ဝန်ခံဂတိ။
( င ) သွားရောက်မည့်ပုဂ္ဂိုလ်များ၏ ပတ်စ်ပို့မိတ္တူ။
၄။ နိုင်ငံခြားကုမ္ပဏီများသည် ပဏာမကွင်းဆင်းလေ့လာရေးခရီး ဆောင်ရွက်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံရန်  ဆုံးဖြတ်ပါက  ဓာတ်သတ္တုကဏ္ဍရင်းနှီးမြှုပ်နှံလိုမှုအတွက်    ဆောင်ရွက်လိုသည့်   ဓာတ်သတ္တု ရှာဖွေခြင်း၊ (Mineral Prospecting)၊ စမ်းသပ်တိုင်းတာခြင်း၊(Mineral Exploration)၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်း၊ (Feasibility Study)စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လိုသည့် သတ္တုအမျိုးအစားနှင့် ဧရိယာများကို မြေပုံညွှန်းနှင့်တကွ ဖော်ပြ၍ သတ်မှတ်ပုံစံဖြင့် သတ္တုတွင်းဝန်ကြီးဌာနသို့ အဆိုပြု လျှောက်ထား ရန်နှင့် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနသို့ မိတ္တူပေးပို့ရန်။
၅။ ဓာတ်သတ္တုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း၊ ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းလုပ်ငန်းတို့သည် ဘူမိဗေဒ လေ့လာရေးနှင့်  ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနနှင့် သက်ဆိုင်သည်။
၆။ ဝန်ကြီးဌာနသို့  တင်ပြရာတွင်  အောက်ပါစာရွက်/ စာတမ်း၊  အထောက် အထားများ ပြည့်စုံစွာ ဖော်ပြရန်-(က) သက်ဆိုင်ရာနိုင်ငံတွင် ကုမ္ပဏီမှတ်ပုံတင် အထောက်အထား။    (Company Registration)
( ခ ) ကုမ္ပဏီဖွဲ့စည်းပုံ။(Company Profile)
( ဂ ) မြန်မာနိုင်ငံရှိ သက်ဆိုင်ရာနိုင်ငံသံရုံး၏ ထောက်ခံစာ။(Embassy recommendation)
(ဃ) ရင်းနှီးမြှုပ်နှံမည့် ငွေပမာဏ။(Financial Investment)
( င ) ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များစာရင်း။(Board of Director List)

( စ ) ဆောင်ရွက်မည့်လုပ်ငန်းနည်းစဉ်များ။(Initial Work Plan)
(ဆ) ဆောင်ရွက်လိုသည့်ဒေသ၊ မြေပုံနယ်နိမိတ်နှင့် ဧရိယာ။(Location map with coordinates)
( ဇ ) ငွေကြေးခိုင်မာမှုအထောက်အထား။(Bank Statement)
၇။ ကုမ္ပဏီ၏ အဆိုပြုလျှောက်ထားမှုကို ဝန်ကြီးဌာနမှ သဘောတူခွင့်ပြုပါက ကုမ္ပဏီသည်   ဘူမိဗေဒ လေ့လာရေးနှင့်    ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနနှင့် အသေးစိတ် တွေ့ဆုံညှိနှိုင်း၍ ဝန်ကြီးဌာနမှ  သတ်မှတ် ထားသော  သဘောတူ စာချုပ်(မူကြမ်း)ကို အခြေခံ၍ သဘောတူ စာချုပ်(မူကြမ်း)ပြင်ဆင်တင်ပြရန်၊ သဘောတူ စာချုပ်(မူကြမ်း)တွင် ကုမ္ပဏီမှ ပေးသွင်းရမည့် ပုံသေမြေငှားရမ်းခ(Dead Rent)၊  လက်မှတ်ရေးထိုးဆုကြေးငွေ (Signature Bonus)၊   ဘဏ်အာမခံငွေ(Performance Bank Guarantee)၊  လုပ်ငန်းစဉ်အလိုက်  အနည်းဆုံး သုံးစွဲရမည့်ငွေကြေး(Minimum Expenditure)၊ ဆောင်ရွက်မည့်ကာလ(Duration) စသည်တို့ကို  ဖော်ပြရန်နှင့်  သဘောတူစာချုပ်(မူကြမ်း)ကို ဘူမိ ဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ စိစစ်ရန်။
၈။ နှစ်ဖက်ညှိနှိုင်းပြီး သဘောတူစာချုပ်(မူကြမ်း)ကို ဝန်ကြီးဌာန စာချုပ်စိစစ် ရေးကော်မတီသို့  ဘူမိဗေဒ လေ့လာရေးနှင့်  ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ ပေးပို့ရန်၊ စာချုပ်စိစစ်ရေးကော်မတီမှ စိစစ်ပြီး ဘူမိဗေဒ လေ့လာရေးနှင့်ဓာတ် သတ္တုရှာဖွေရေးဦးစီးဌာနသို့ ပြန်လည်ပေးပို့ရန်။
၉။ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ     ဝန်ကြီးဌာန စာချုပ်စိစစ်ရေးကော်မတီမှ  စိစစ် ပြီးသော   သဘောတူစာချုပ် (မူကြမ်း)  ကို ဝန်ကြီးဌာနသို့ တင်ပြရန်နှင့်    ဝန်ကြီးဌာနမှ   ပြည်ထောင်စုရှေ့နေ ချုပ်ရုံးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ ပေးပို့၍ သဘောထာမှတ်ချက်တောင်းခံရန်။
၁၀။ ထိုသို့ပေးပို့ထားသည့် ကာလတွင် ကုမ္ပဏီမှ အောက်ဖော်ပြပါ အထောက်အထား၊  စာရွက်/ စာတမ်းများကို ကုမ္ပဏီ၏ အစီအစဉ်ဖြင့်   ဆောင်ရွက်ရယူ ထားရန်-
(က) သက်ဆိုင်ရာ   တိုင်းဒေသကြီး/  ပြည်နယ် အစိုးရအဖွဲ့၏ သဘောထား ထောက်ခံချက်။
( ခ ) သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သဘောထား ထောက်ခံချက်။
( ဂ ) သက်ဆိုင်ရာမြို့နယ်   သစ်တောဦးစီးဌာန၏   သဘောထားထောက်ခံချက်။
(ဃ) သက်ဆိုင်ရာ     မြို့နယ် မြေစာရင်းဦးစီးဌာန၏   သဘောထားထောက်ခံချက်နှင့်    မြေစာရင်း ပုံစံ
(၁၀၅)ပါမြေပုံ။
၁၁။  သတ္တုတွင်းဝန်ကြီးဌာနမှ ခွင့်ပြုပြီးသည်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တို့၏ ထောက်ခံချက်များ ပြည့်စုံပါက သဘောတူ စာချုပ်(မူကြမ်း)ကို  ရင်းနှီးမြှုပ်နှံဆောင်ရွက်မည့်  ကမကထပုံစံ နှင့်အတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ဆက်လက်တင်ပြရန်။
၁၂။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြထားစဉ် ကုမ္ပဏီမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကုမ္ပဏီ မှတ်ပုံ တင်ရန်။



၁၃။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ စိစစ်ပြီးပါက ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ၍ ခွင့်ပြုချက်ရယူရန်၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ထုတ်ပေးမည် ဖြစ်ပါသည်။
၁၄။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ရရှိပြီးပါက ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ကုမ္ပဏီအကြီးအကဲတို့ သဘောတူစာချုပ်ကို နှစ်ဖက်လက်မှတ်ရေးထိုးချုပ်ဆို ရန်နှင့် သတ္တုတွင်းဝန်ကြီးဌာနမှ ဓာတ်သတ္တုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်းနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်း ခွင့်ပြုမိန့်ထုတ်ပေးရန်၊ နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုပြီး ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာနနှင့် ကုမ္ပဏီတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီကို ဝန်ကြီးရုံး၏ ခွင့်ပြုချက်ရယူ၍ ဖွဲ့စည်းဆောင်ရွက်ရန်၊ တစ်လအတွင်း လုပ်ဆောင်ရန်။
၁၅။ ကုမ္ပဏီသည် လုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ကို တစ်လ အတွင်း တင်ပြရန်။
၁၆။ ကုမ္ပဏီမှ လုပ်ငန်းကာလ တိုးချဲ့လျှောက်ထားလိုပါက စာချုပ်သက်တမ်း မကုန်ဆုံးမီ (၃)လ ကြိုတင်၍ တင်ပြရန်။
၁၇။ လုပ်ငန်းကာလပြီးဆုံးပါက   မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်  နှင့် သတ္တုတွင်းဝန်ကြီးဌာနတို့၏ ခွင့်ပြုမိန့်များ တစ်လအတွင်း ပြန်လည်အပ်နှံရန်။
၁၈။ ကုမ္ပဏီမှ ဓာတ်သတ္တုစမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီး၍ စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်သော   သတ္တုသိုက်အလားအလာကို  သတ္တုတွင်းဝန်ကြီးဌာနမှ ထောက်ခံ အတည်ပြုပါက သတ္တုတူးဖော်ထုတ်လုပ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန်၊ သတ္တုတွင်းဝန်ကြီးဌာန အောက်ရှိ သက်ဆိုင်ရာ လုပ်ငန်း/ ဌာနများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန်။