Tel: 067409019 | Mail: messenger@e-mining.gov.mm
ရွှေပုရပိုတ်တွင်သမိုင်းမှတ်တိုင်စိုက်လိုပါလျှင်
ရွှေမှုန်ကိုစား မွေးဖွားလေသလား
ရွှေကို ကမ္ဘာဦးလူသားများက နံနက်ခင်းတွင် ထွက်ပေါ်စ နေမင်းကြီးပုံကို အစွဲပြု၍ Aurora အာရုံဦးအလင်းရောင်အဖြစ် တင်စားခဲ့သဖြင့် ယနေ့တိုင်ရွှေ၏ ဓာတုသင်္ကေတကို Auအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ရှားပါးခြင်း၊ မာကြောခြင်း၊ အရောင်တောက်ပခြင်း၊ ပါးလွှာသည်အထိ ရွှေပြားခပ်နိုင်ခြင်း၊ ရှည်လျားသည်အထိ နန်းဆွဲနိုင်ခြင်းတို့ကြောင့် ရွှေကို ယနေ့တိုင်တန်ဖိုးထားပြီး လက်ဝတ်တန်ဆာများ၊ Currency အာမခံငွေကြေးအဖြစ် သုံးစွဲ လျက်ရှိသည်ကလည်း ရွှေ၏ဂုဏ်သတ္တိပင်ဖြစ်သည်။ ရွှေသည် ကမ္ဘာအနှံ့အနည်းနှင့်အများထွက်ရှိသလို ကျွန်တော်တို့ နိုင်ငံတွင်လည်း နေရာအနှံ့စီးပွားဖြစ်ထွက်ရှိသည်ကိုတော့ ရွှေမုဆိုး (သို့) ရွှေသတ္တုတူးဖော်သူအများ သိကြသည်ပင်။
အထူးသဖြင့် ပထဝီအနေအထားအရ ဟိမဝန္တာ တောင်တန်းကြီးမှ ဖြာထွက်လာသော Depositများသည် မြန်မာနိုင်ငံမြောက်ဖျား မချမ်းဘောမှသည် တောင်ဘက်အဆုံး Russel Islands (ခေါ်) ရွှေကျွန်းအထိစွဲ၀င်လျက်ရှိသည်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရွှေသတ္တုသည် စီးပွား ဖြစ်ထွက် ရှိသော ဒေသများပင်ဖြစ်သည်။
သမာအာဇီဝစီးပွားရှာ ရွှေလျှောက်လွှာ တင်လိုလျှင်
နိုင်ငံသားစိစစ်ရေးလက်မှတ်ကိုင်ဆောင်ထားသူ နိုင်ငံသူ/နိုင်ငံသားတိုင်း မိမိမြေမှ ရတနာကို ရှာဖွေလုပ်ကိုင်နိုင်သော အခွင့်အရေးရှိပြီးဖြစ်သည်။ ဒါတွေကိုသိဖို့ရာရှင်းပြဖို့လိုသည်။ ယခင်ကရွှေသတ္တုကို အထူးသတ္တု(၂)ဆိုပြီး နိုင်ငံတော်မှတစ်ပါး မည်သည့်ပုဂ္ဂလိကကိုမျှ လုပ်ကိုင်ခွင့်မပြုခဲ့ပေ။ သို့ရာတွင် ၁၉၉၃ခုနှစ်မှ၁၉၉၅ခုနှစ်ကြား ရွှေထွက်ရှိသောဒေသများ၌ ယခင် ကုန်သွယ်ရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ရွှေဝယ်ယူရေး အဖွဲ့အစည်း များ ဖွဲ့စည်းကာ သက်ဆိုင်ရာမြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့ စီမံချက်ဖြင့် (၂)ဧကအကွက်များ ချပေးပြီး ရွှေဝယ်ယူရေး ဆောင်ရွက်ခဲ့သည်။
၁၉၉၇-၉၈ခုနှစ် နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုး ရေးကောင်စီလက်ထက်တွင် (၂)ဧက လုပ်ကွက်များနှင့် ရွှေဝယ်ယူရေးအဖွဲ့များ ဖျက်သိမ်းပြီး ကုမ္ပဏီများ ဖွဲ့စည်းစေ၍ (၅၀)ဧကအောက် အသေးစားဖက်စပ် ရွှေထုတ်လုပ်ခြင်းနှင့် (၅၀)ဧကအထက် အကြီးစားဖက်စပ် ရွှေထုတ်လုပ်ခြင်းလုပ်ငန်းများ သတ်မှတ်ပေးခဲ့သည်။ အသေးစား ရွှေဖက်စပ်လုပ်ငန်းကို သက်တမ်း(၅)နှစ်နှင့် အကြီးစားရွှေဖက်စပ်လုပ်ငန်းကို (၅)နှစ်နှင့်အထက်ဆိုပြီး သတ်မှတ်ဆောင်ရွက်ကာ နိုင်ငံတော်နှင့် ပုဂ္ဂလိကအချိုး အနည်းဆုံး(၁၄)ပဲရည်နှင့်အထက် ရွှေကြမ်းကို ဓာတ်သတ္တုခွန်အပါ နိုင်ငံတော် ၃၅% နှင့် ပုဂ္ဂလိက ၆၅% အချိုးဖြင့် ခွဲဝေခံစားခဲ့သည်။
၂၀၁၀-၂၀၁၁ခုနှစ် ယခုခေတ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် အောက်ပါ လုပ်ထုံးလုပ်နည်းအတိုင်း အနည်းငယ်ပြုပြင်ပြီး ရွှေလျှောက်လွှာများကို လက်ခံခဲ့သည်-
(က) မိသားစုဖြစ်စေ၊အများပိုင်ဖြစ်စေ၊တရားဝင်ဖွဲ့စည်းမိန့်ကျပြီးကုမ္ပဏီမှတ်ပုံတင်
လက်မှတ်။(သတ္တုတူးဖော်ခွင့်နှင့်သက်တမ်းရှိရမည်)
(ခ) ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း၊သင်းဖွဲ့စည်းမျဉ်း၊ကုမ္ပဏီဒါရိုက်တာစာရင်း(ပုံစံ ၆/၂၆)။
(ဂ) ကုမ္ပဏီတည်ရှိရာမြို့နယ်ရဲစခန်းထောက်ခံချက်။
(ဃ) ငွေကြေးခိုင်မာမှုအတွက် ဘဏ်ထောက်ခံချက်(Bank Statement)
(တစ်ကွက်လျှင်သိန်း(၁၀၀)ကျပ်)။
(င) ဒါရိုက်တာများ၏ပတ်စပို့စ်အရွယ်ရောင်စုံဓာတ်ပုံ(၃)ပုံစီ။
အထက်ပါအချက်(၅)ချက်သည် အခက်အခဲမရှိပါ။ အထူးသဖြင့် နိုင်ငံသားစိစစ်ရေးကတ်၊ မိမိအိမ်ထောင်စုစာရင်းပုံစံ(၁၀)၊ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ထောက်ခံချက်တို့ဖြင့် မြန်မာနိုင်ငံကုမ္ပဏီများ မှတ်ပုံတင်ဦးစီးဌာနသို့ လျှောက်ထားပြီး ဆောင်ရွက်ပါက ငွေကြေးအကုန်အကျ အနည်းငယ်နှင့် အချိန်တိုအတွင်း ရရှိမည်ဖြစ်သည်။
ရွှေတူးဖော်မည့်လုပ်ငန်းစနစ်(သို့)Battle Procedure
ကုမ္ပဏီတစ်ခုဖွဲ့စည်းပြီဆိုလျှင် ရွှေတူးဖော်ရန် နေရာကောင်းရွေးချယ်မှု၊ လမ်းပမ်းဆက်သွယ်ရေး၊ အုပ်ချုပ်ရေးကောင်းမွန်မှုစနစ်များ မိမိဘက်တွင် ရှိ/မရှိအောက်ပါအတိုင်း လုပ်ငန်းစနစ်ဖြင့် ချိန်ထိုးကြည့်ပါက အောင်မြင်သောမိုင်းတစ်ခုရရှိနိုင်မည်ဖြစ်သည်-
(က) မိမိကုမ္ပဏီအနေနှင့် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဒါရိုက်တာအဖွဲ့ဝင်များအားလုံး သဘောတူညီသည့် ဆုံးဖြတ်ချက်ရရှိရန်လိုသည်။ လိုအပ်ပါက အစည်းအဝေးမှတ်တမ်းဖြင့် မှတ်တမ်းတင်ထားရမည်။
(ခ) မြေပြင်၊မြေပုံပေါ်တွင် ဒေသခံများထံမှမေးမြန်း၍ အကြမ်းဖျဉ်းစီမံချက်ပြုလုပ်ရန် အတွက်ရွှေသတ္တုဖြစ်ထွန်းရာဒေသတစ်ခုစီကိုလေ့လာရွေးချယ်ရမည်။ ရွေးချယ်သော ထောင့်လေးထောင့်ပါ မြေပုံညွှန်းများဖြင့် မြေပုံကြမ်းများပေါ်တွင် အသေးစိတ် မှတ်ပုံတင်ရမည်။
(ဂ) မိမိကုမ္ပဏီတွင်ပါဝင်သော ဒါရိုက်တာအဖွဲ့ဝင်များ၊ ဘူမိဗေဒပညာရှင်များ၊ သတ္တုတွင်း၊ သတ္တုဗေဒပညာရှင်များ၊ အတွေ့အကြုံရှိလုပ်သားခေါင်းဆောင်၊ Siteမန်နေဂျာများ ဖွဲ့စည်း၍ ဤဒေသ၊ ဤနေရာတွင် ရွှေတူးဖော်လုပ်ကိုင်မည့်အကြောင်း အသိပေး အကြောင်းကြားထားရပါမည်။
(ဃ) မိမိနှင့်အထက်အပိုဒ်ပါဖွဲ့စည်းထားသောအဖွဲ့သည် မြေပြင်သို့သွားရောက်ပြီး အခြေအနေ ကြည့်ခြင်း၊ လေ့လာခြင်း၊ သတ္တုသိုက်ပမာဏ ခန့်မှန်းတွက်ချက်ခြင်း၊ တူးဖော်မှုစနစ် ဆုံးဖြတ်ခြင်းနှင့် အသေးစိတ်လုပ်ငန်းစီမံချက်ကို ရေးဆွဲရမည်။
(င) ကုမ္ပဏီဒါရိုက်တာအဖွဲ့၏ အတည်ပြုချက်ရယူရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ လျှောက်ထားရန်အတွက် board of directors အစည်းအဝေးကို ထပ်မံပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်မည့် ပညာရှင်များ၊ သတ္တုတူးဖော်မည့် လုပ်သားခေါင်းဆောင်များ၊ ဥပဒေအကြံပေးပုဂ္ဂိုလ်များ၊ ကုမ္ပဏီစာရင်းစစ်များဖြင့် ပေါင်းစပ်ညှိနှိုင်းရမည်။
(စ) ဝန်ကြီးဌာနသို့ အထက်ဖော်ပြပါအချက်အလက်များအတိုင်း လျှောက်ထားစဉ် ကာလ အတွင်း လိုအပ်သော ငွေကြေးစိုက်ထုတ်မှု၊ ယန္တရားများ၊ စက်ပစ္စည်းများ၊ နည်းပညာ များ၊ ပညာရှင်များ၊ လုပ်သားများကို စုစည်းထားရှိရမည်။
(ဆ) သက်ဆိုင်ရာဝန်ကြီးဌာနမှ တူးဖော်လုပ်ကိုင်ခွင့်ပြုမိန့် ရရှိလာသည်နှင့် လုပ်ကွက် အတွင်း အမြန်ဆုံးသွားရောက်ပြီး အုပ်ချုပ်မှုဒါရိုက်တာ၏ကြီးကြပ်ကွပ်ကဲခြင်း၊ တာဝန် ပေးအပ်ထားသော Siteမန်နေဂျာ (သို့) အထွေထွေမန်နေဂျာ၏ စီမံကွပ်ကဲမှုဖြင့် အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်သည်။
ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးမည့်အချက်များ
ရွှေသတ္တုတူးဖော်ရန်လျှောက်ထားသော ကုမ္ပဏီသည် နိုင်ငံခြားပြင်ပဖက်စပ်မပါ တိုင်းရင်းသား လုပ်ငန်းရှင်များဖြင့်သာ ဆောင်ရွက်မည်ဆိုပါက အသေးစား ရွှေဖက်စပ် တူးဖော်ခြင်းစနစ်ဖြင့် ဦးစွာလျှောက်ထား ဆောင်ရွက်သင့်သည်။ ကုမ္ပဏီသည် အထက်ပါကုမ္ပဏီနှင့်သက်ဆိုင်သည့် အချက်(၅)ချက်ပါ စာရွက်စာတမ်းများ ပြည့်စုံပါက သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းသို့ မိမိလျှောက်ထားလိုသော နေရာ၏ မြေပုံညွှန်း ထောင့်လေးထောင့်ပါသော မြေပုံကြမ်းနှင့်အတူ ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ (သို့မဟုတ်) ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ကိုယ်တိုင်လျှောက်ထားရမည်။
အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ စိစစ်ပြီးလွတ်ကင်းသော နေရာဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့သို့ သဘောထားနှင့် မြေစာရင်းပုံစံ(၁၀၅)ရေးဆွဲပေးရန် သတ္တုတွင်းဝန်ကြီးဌာနသို့ တင်ပြပြီး ဝန်ကြီးရုံးမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်သည်။ သစ်တောကြိုးဝိုင်း၊ အဆိုပြုတော၊ ကာကွယ်တောအတွင်း ကျရောက်ခြင်း၊ မြစ်ချောင်းတို့နှင့် နီးကပ်ခြင်းတို့ရှိပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ညှိနှိုင်းဆောင်ရွက်ပေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှ ကန့်ကွက်ရန် မရှိကြောင်း သဘောထားရရှိပါက အမှတ်(၂)သတ္တုတွင်းလုပ်ငန်းအနေဖြင့် အောက်ပါအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်-
(က) ပြီးပြည့်စုံပြီးသက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့၏ သဘောထားမှတ်ချက်၊ မြေစာရင်းပုံစံ(၁၀၅)တို့ ရရှိလာသော လျှောက်လွှာများကို ရွှေလုပ်ကွက်ချထားရေး ကော်မတီမှ စိစစ်ပြီး၊ လုံခြုံမှုအာမခံငွေကျပ်(၄)သိန်းလက်ခံ၍ စီမံခန့်ခွဲရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကွင်းဆင်းတိုင်းတာပေးသွားမည်ဖြစ်သည်။
(ခ) တိုင်းတာရာတွင် လုပ်ကွက်ထပ်ခြင်း မရှိစေရန်နှင့် ပတ်ဝန်းကျင်လုပ်ကွက်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဒေသခံများ၏ သဘောတူညီချက်ရယူရေး ဆောင်ရွက်စေမည်ဖြစ်သည်။ ထို့အပြင် လုပ်ကွက်တစ်ကွက်စီ၏ အစွန်းထောင့်တိုင် များကို သတ်မှတ်စိုက်ထူခြင်း၊ မှတ်တမ်းတင်ခြင်း၊ မြေပုံရေးဆွဲခြင်း၊ ဒေသအာဏာပိုင်များ၏ ထောက်ခံချက်များ ရယူပေးမည်ဖြစ်သည်။
(ဂ) တိုင်းတာရေးအဖွဲ့၏ပုံစံ(၁)ပေါ်မူတည်၍ တစ်နှစ်စာ ကြိုတင်ရွှေစင်(၂၄)ကျပ်သား ပေးသွင်းခြင်း၊ တစ်နှစ်စာ အဆိုပြုငွေကျပ်ပေးသွင်းခြင်း၊ ဘဏ်အာမခံငွေကျပ်(၅)သိန်း ပေးသွင်းခြင်းတို့ ဆောင်ရွက်ပြီးပါက လုံခြုံမှု စပေါ်ငွေ (Security Deposit) (၄)သိန်း ပြန်လည်ထုတ်ယူရမည်ဖြစ်သည်။
(ဃ) အထက်အပိုဒ်ပါ(ဂ)ပြီးဆုံးပါက ဝန်ကြီးရုံး၊ စီမံခန့်ခွဲရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် နှစ်ဘက် သဘောတူ စာချုပ်ချုပ်ဆိုသွားမည်ဖြစ်သည်။
စစ်ဆင်ရေးစတင်ချိန် (သို့) ထုတ်လုပ်မှုရာဇသံရရှိချိန်
ဝန်ကြီးဌာနနှင့် နှစ်ဘက်သဘောတူစာချုပ်ပြီးသည်နှင့် စာချုပ်ကိုသေချာစွာ ဖတ်ရှုရမည်။ စာချုပ်တွင်ပါရှိသော အချက်များမှာ မိမိကို မည်သို့ချုပ်နှောင်ထားသည်ကို နားလည်အောင် ဖတ်ရှုရမည်။ မိမိကုမ္ပဏီဥပဒေအကျိုးဆောင်နှင့်တိုင်ပင်ရမည်။ နားလည်သူဝန်ကြီးဌာနမှ တာဝန်ရှိသူတို့နှင့် ဆက်လက်ဆွေးနွေးသင့်သည်။
ထို့အပြင် Work Program ခေါ် ထုတ်လုပ်မှု စီမံချက်ရေးဆွဲပြီး သတ္တုသိုက်အခြေအနေ၊ ရည်မှန်းချက်၊ လုပ်နည်း(အကြမ်းဖျဉ်းစီမံချက်)၊ အုပ်ချုပ်ထောက်ပံ့မှုနှင့် ဆက်သွယ်ရေးစီမံချက် တို့ကိုရေးဆွဲပြီး ထုတ်လုပ်မှုနှင့် ရှာဖွေရေးတို့ကို ဟန်ချက်ညီဆောင်ရွက်သွားရန်လိုသည်။
ရွှေသတ္တုထုတ်လုပ်ခွင့်ပါမစ်ရရှိပြီးနောက် မိမိတို့ရရှိထားသော အသေးစား လုပ်ကွက်(၂၀)ဧက အား အကျိုးရှိရှိ အသုံးချနိုင်ရန် စီမံခန့်ခွဲရန်လိုသည်။
သို့ပါ၍ အောက်ပါအချက်အလက်များကို ထည့်သွင်းစဉ်းစားသင့်ပါသည်-
(က) Mine Design ပေါ် မူတည်၍ သတ္တုရိုင်း (ore) ထုတ်ယူမည့်နေရာ အကျယ်အဝန်း (Underground)၊ လေပေးအင်းစနစ်(Shaft)၊ ဂူစနစ်(Addit)၊ ဟင်းလင်းဖွင့်( open Pit) စသည်ဖြင့်၊
(ခ) သတ္တုရိုင်းသိုလှောင်ရုံ (သို့မဟုတ်) သတ္တုရိုင်း စုပုံနေရာ(Ore pile) နေရာနှင့် အကျယ်အဝန်း၊
(ဂ) ကြိတ်ခွဲစက်ရုံ၊စက်အလိုက်တပ်ဆင်မည့်နေရာနှင့်အကျယ်အဝန်း(Mine Size) နှင့်လွတ်ကင်းရမည်၊
(ဃ) သတ္တုသန့်စင်မည့်နေရာ၊ စွန့်ပစ်ကန် (အလွယ်တကူ ရေရရှိနိုင်သော နေရာနှင့်ရေ ပြန်လည် အသုံးပြုမှုစနစ်)၊
(င) လျှပ်စစ်ဓာတ်အားပေးဌာနှင့် လျှပ်စစ်ကြိုးလိုင်းသွယ်တန်းမှု ဆက်သွယ်ရေး လမ်းကြောင်းနှင့် တံတား ပြုလုပ်ရန်လိုသည့်နေရာများ၊
(စ) အုပ်ချုပ်မှုရုံးအဆောက်အဦ၊အစည်းအဝေးခန်း၊ရိပ်သာနှင့်အပန်းဖြေနေရာ၊
(ဆ) ဝန်ထမ်းအိမ်ရာ၊ အလုပ်သမားတန်းလျား၊ သန့်ရှင်းသောရေရရှိနိုင်သောနေရာနှင့် မီးဘေးကာကွယ်ရေးစနစ်၊
(ဇ) လုံခြုံရေးကင်းနေရာ၊ (၂၄)နာရီ လုံခြုံရေးကင်းနှင့် လိုအပ်ကခြံစည်းရိုး ခတ်ခြင်း၊
(ဈ) ယမ်းတိုက်နှင့်ဓာတုဓာတ်ဆေး၊စက်သုံးဆီသိုလှောင်နေရာများ(သီးသန့်လုံခြုံရေးရှိသော နေရာ)
တို့အပြင်အောက်ပါအစီအမံများကိုလည်းကြိုတင်ရေးဆွဲထားရန်လိုသည်-
(က) EIA - Environmental Impact Assessment
(ပတ်ဝန်းကျင်ထိခိုက်မှုလေ့လာဆန်းစစ်ချက်အစီအမံ)
(ခ) SIA - Social Impact Assessment
(လူမှုရေးရာထိခိုက်မှုလေ့လာဆန်းစစ်ချက်အစီအမံ)
(ဂ) HIA - Heath Impact Assessment
(ကျန်းမာရေးထိခိုက်မှုလေ့လာဆန်းစစ်ချက်အစီအမံ)
လုပ်ကွက်အတွင်း ရုံးလုပ်ငန်းပီပြင်စွာ ဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် အောက်ပါပြန်တမ်းလယ်ဂျာမှတ်တမ်းနှင့် စာရွက်စာတမ်းများပြုစုထားရန်လိုသည်-
(က) သတ္တုထုတ်လုပ်ခွင့်ရရှိသည့်ပါမစ်/စာချုပ်(မူရင်း/မိတ္တူ)
(ခ) ကုမ္ပဏီမှတ်ပုံတင်(မူရင်း/မိတ္တူ)
(ဂ) BOD အဖွဲ့ဝင်များဓာတ်ပုံနှင့်ကိုယ်ရေးအချက်အလက်များ
(ဃ) လုပ်ကွက်အတွက်ရွှေ/ငွေပေးသွင်းမှုပြေစာဖိုင်
(င) လုပ်ကွက်အတွင်းအင်းအလိုက်လုပ်သားအင်အားနှင့်အမည်စာရင်း
(အဘအမည်/နိုင်ငံသားစိစစ်ရေးကဒ်အမှတ်/နေရပ်လိပ်စာ)
(စ) လုပ်ကွက်တစ်ကွက်ချင်း အကွက်ချမြေပုံ/နယ်နမိတ် မှတ်တိုင်/မြေပုံညွှန်း နှင့်
ပုံကြီးချဲ့မြေပုံ
(ဆ) နေ့စဉ်ဖြုန်းထွက်ရှိမှု၊ထုတ်ပေးမှု၊သုံးစွဲမှုလယ်ဂျာများ
(ဇ) ရွှေကြမ်း/ရွှေစင်ထုတ်လုပ်မှု၊အပ်နှံမှုပြန်တမ်း၊ပြေစာဖိုင်
(ဈ) သတ္တုထုတ်လုပ်မှုနည်းစဉ်နှင့်work Program
(ည) ကုမ္ပဏီလုပ်ကွက်အတွင်းလုပ်ကွက်/အင်းအရေအတွက်(ဦးစီးဇယားဖြင့်ပြရန်)
(ဋ) ကုမ္ပဏီဝန်ထမ်းလုပ်သားအင်အားနှင့်အမည်စာရင်း
(ဌ) လောင်စာဆီသုံးစွဲမှုလယ်ဂျာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံချက်
(ဍ) ယမ်းနှင့်ဆက်စပ်ပစ္စည်းသုံးစွဲမှုလယ်ဂျာ
(ဎ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအစီရင်ခံစာ
(ဏ) လုပ်ငန်းသုံး စက်/ယာဉ်ယန္တရားအင်အားစာရင်း
(တ) လုပ်ကွက်အလိုက်Observerတစ်ဦးချင်းတာဝန်ပေးအပ်ထားမှုဦးစီးဇယား
(ထ) လစဉ် Observer အစီရင်ခံစာမိတ္တူများဖိုင်
(ဒ) ကုမ္ပဏီတည်မြဲအမိန့်
(ဓ) လုပ်ငန်းခွင် လုံခြုံရေး/မီးဘေး လုံခြုံရေးစီမံချက်/ သဘာဝ ဘေးဒဏ်လုံခြုံရေး
စီမံချက်
(န) မတော်တဆထိခိုက်မှုအစီရင်ခံစာ(ထူးခြားဖြစ်စဉ်)
(ပ) မြို့နယ်တာဝန်ခံစစ်ဆေးမှုမှတ်တမ်း
(ဖ) အထက်အကြီးအကဲများစစ်ဆေးမှုမှတ်တမ်း
သတ္တုရိုင်းတူးဖော်ပြီးတိုင်း စွန့်ပစ်ခဲ့သော နေရာများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစနစ် အကောင်အထည်ဖော်နိုင်ရေး အစားထိုးစိုက်ပျိုးသွားရန် နှစ်ရှည်ပျိုးပင်(၂၀၀၀၀)ဆန့် ပျိုးဥယျာဉ် တစ်ခုကိုလည်း ထူထောင်ထားရန်လိုသည်။ သို့မှသာသတ္တု(ore)ကုန်ဆုံး၍ မိုင်းရပ်နားလိုက်သည်နှင့် မိမိတို့ အစားထိုးစိုက်ပျိုးထားသော သစ်တောအုတ်သည် အစိမ်းရောင်ကမ္ဘာကြီးအဖြစ်သော်လည်းကောင်း၊ သန့်ရှင်းလှပစနစ်ကျသော mine town တစ်ခုအဖြစ်လည်းကောင်း၊ ကျန်ရစ်ခဲ့မှာကတော့မိမိတို့၏သမိုင်းကို ရွှေပုရပိုတ်မှာ မှတ်တမ်းတင်ထားမိမှာတော့ သေချာသလောက်ရှိမှာအမှန်ပင်။
ပိုင်ဇင်ဇော်(သတ္တု)
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm