Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ ခုနှစ်၊ မတ်လ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ပြပွဲဗဟိုကော်မတီအစည်းအဝေးကျင်းပ
၂၀၁၇ ခုနှစ်၊ မတ်လ ၁၀ ရက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီသည် ၂၀၁၇ ခုနှစ်၊ မတ်လ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသား ကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် မတ်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
ရောင်းချပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြပွဲဗဟိုကော်မတီ အစည်းအဝေးကို ၁၀.၃.၂၀၁၇ ရက်နေ့၊ ၁၄:၀၀နာရီတွင် နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမရှိ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြပွဲဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရတနာပြပွဲ အထောက်အကူပြု လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက် မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းတို့ တက်ရောက်ခဲ့ကြပါသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အဖွင့်အမှာစကားပြောကြားစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ၏ ကြီးကြပ်မှုနှင့် နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ရတနာပြပွဲ၊ ပြည်တွင်းသုံး ကျပ်ငွေဖြင့် ရောင်းချသည့် ရောင်းချပွဲများစွာကို အောင်မြင်စွာ ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုကျင်းပမည့် ရောင်းချပွဲကို နိုင်ငံသား ကျောက်မျက်ရတနာ အချောထည် လုပ်ငန်းရှင်များ ကုန်ကြမ်းပြတ်လပ်မှု မရှိစေရေး၊ အချောထည် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုဖန်တီးပေးနိုင်ရေး၊ ပြည်ပသို့ တရားမဝင် ထုတ်ဆောင် ရောင်းချခြင်းများ တားဆီးနိုင်ရေးနှင့် တူးဖော်ရေး လုပ်ငန်းရှင်များ ငွေကြေး လည်ပတ်မှုကို အထောက်အကူ ဖြစ်စေနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပ သွားမည်ဖြစ်ပြီး နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များကိုသာ တက်ရောက် ဝယ်ယူခွင့်ပြုသွားမည် ဖြစ်ပါကြောင်း၊ ရောင်းချပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပေးထားသည့် လုပ်ငန်းကော်မတီအသီးသီးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်ကျင်းပပြီး ပြပွဲများ၏ အားသာချက်၊ အားနည်းချက်များအပေါ် ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ ကျောက်မျက်ရတနာ သယံဇာတများကို တူးဖော်ထုတ်လုပ်သူများ အနေဖြင့် တူးဖော်ထုတ်လုပ်မှုမှ ရရှိသည့် စီးပွားရေး အကျိုးအမြတ်ထက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်မှု မရှိစေခြင်းကို ပိုမိုဦးစားပေးပြီး တူးဖော်ထုတ်လုပ်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံသား ကျောက်မျက်လုပ်ငန်းရှင်များအတွက် စီးပွားရေးအမြတ်ဖြင့် ကျောက်မျက်ရတနာ ထွက်ရှိရာဒေသမှ ပြည်သူများအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဟန်ချက်ညီ ထိန်းညှိပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ အားလုံး အကျိုး ခံစားခွင့် ရှိအောင် တူးဖော်ထုတ်လုပ်သွားကြရန် မှာကြားလိုပါကြောင်း၊ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်မှုကြောင့် ပျက်စီးသွားသည့် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်ပြီး လူမှုဘဝ ပတ်ဝန်းကျင်အပေါ်ဆိုးကျိုး သက်ရောက်မှုများ မရှိစေရေးနှင့် ပတ်ဝန်းကျင် အားလုံးအပေါ် သက်ရောက်မှုများကို လျော့ချစေရေးစသည့် အချက်များဖြင့် တူးဖော် ထုတ်လုပ်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ကျောက်မျက် ရတနာများကို ရောင်း ချရာတွင်လည်း အရိုင်းအတိုင်း ရောင်းချခြင်းအစား ဆင့်တက်ပြုပြင်ခြင်း နည်းပညာများနှင့် အသုံးပြုဆောင် ရွက်ထားသည့် ကျောက်မျက်ရတနာ အချောထည်များကို ရောင်းချနိုင်ရေးအတွက် ဦးစားပေး လုပ်ဆောင်သွားကြရန် မှာကြားလိုပါကြောင်း၊ ကျောက်မျက်ရတနာ အချောထည်လုပ်ငန်းများ ပြည်တွင်း၌ ဖွံ့ဖြိုးတိုးတက်စေရန် ကျောက်မျက်ရတနာ အချောထည်များနှင့် လက်ဝတ်ရတနာများ၏ အရည်အသွေးကို မြှင့်တင်ပြီး ပြည်ပဈေးကွက်သို့ ထိုးဖောက် ရောင်းချနိုင်ရေးတို့ကိုလည်း စီမံလုပ်ဆောင်သွားကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း၊ ယခုကျင်းပမည့် ရောင်းချပွဲမှာ နိုင်ငံသားများကိုသာ တက်ရောက်ခွင့်ပြုမည်ဖြစ်သော်လည်း နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ရတနာပြပွဲကြီးများနည်းတူ အဆင့်မီမီ ဆောင်ရွက်သွားရန်နှင့် ရောင်းချပွဲ အကြိုကာလမှစပြီး လုံခြုံမှုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
လုံခြုံရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်၊ ဗိုလ်မှူးကြီးမင်းနောင် ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဌေးအောင် ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဝင်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဦးရုံးမူ ရှင်းလင်းတင်ပြစဉ်(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ကျောက်စိမ်းလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ညွှန်ကြားရေးမှူး ဦးရဲထွဋ် ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ကျောက်မျက်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ညွှန်ကြားရေးမှူး ဦးမျိုးနိုင် ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
စီမံရေးရာလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ဘဏ္ဍာရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ထိပ်တင်နိုင် ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ထို့နောက် အစည်းအဝေး အစီအစဉ်အရ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ အသီးသီးမှ တာဝန်ရှိသူများက ရောင်းချပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို အသေးစိတ် ရှင်းလင်း တင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြပါသည်။
လုပ်ငန်းကော်မတီအလိုက် ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အသေးစိတ် ညှိနှိုင်း ဖြည့်ဆည်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ၁၅:၃၀နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm