Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
 ပြပွဲဗဟိုကော်မတီအစည်းအဝေးကျင်းပ


၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့

  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီသည် ၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ဩဂုတ်လ ၂ ရက်နေ့မှ ဩဂုတ်လ ၁၁ ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

   ရတနာပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေး  ပြပွဲဗဟိုကော်မတီ အစည်းအဝေးကို ၁၄.၇.၂၀၁၇ ရက်နေ့၊ ၁၄:၀၀နာရီတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြပွဲဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရတနာပြပွဲ အထောက်အကူပြု လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းတို့ တက်ရောက်ခဲ့ကြပါသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အဖွင့်အမှာစကားပြောကြားစဉ်  (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

   မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် ဩဂုတ်လ ၂ ရက်နေ့ မှ ၁၁ ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၉ရက်နေ့အထိ ၂၀၁၆ ခုနှစ်၊ နှစ်လယ်ရတနာပြပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ် ပေးနိုင်ခဲ့ပါကြောင်း၊ ယခုကျင်းပပြုလုပ်မည့် (၅၄)ကြိမ်မြောက် ရတနာပြပွဲတွင် ကျောက်အတွဲများကို နိုင်ငံခြားငွေဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အစိုးရသစ်လက်ထက် တတိယအကြိမ်မြောက် ကျင်းပသည့် ရတနာပြပွဲ ဖြစ်ပါကြောင်း၊ ယခုရတနာပြပွဲသည် ၁၉၆၄ ခုနှစ်မှ စတင်ပြီး အောင်မြင်စွာ ကျင်းပ ပြုလုပ်လာခဲ့သည့် နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ရတနာပြပွဲများ၏ (၉၁)ကြိမ်မြောက် ပြပွဲဖြစ်ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ရတနာ ပြပွဲများတွင် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများကို အိတ်ဖွင့် တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ရောင်းချခဲ့သော်လည်း ယခုကျင်းပပြုလုပ်မည့် (၅၄)ကြိမ်မြောက် ရတနာပြပွဲတွင် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများကို အိတ်ဖွင့်တင်ဒါစနစ် တစ်မျိုးတည်းဖြင့်သာ တင်ပြရောင်းချသွားမည် ဖြစ်ပါကြောင်း၊ ယခုကျင်းပမည့် (၅၄)ကြိမ်မြောက်ရတနာပြပွဲတွင် ကျောက်အတွဲ တင်ပြရောင်းချခြင်း၊ ဝယ်ယူရရှိသည့် ကျောက်အတွဲတန်ဖိုးငွေ ပေးချေခြင်းစသည့် ကိစ္စရပ်များဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ၊ လုပ်ထုံးလုပ်နည်းများဖြင့် လိုက်လျောညီထွေ ရှိစေရေးအတွက် သတ်မှတ်ထားရှိသည့် ရတနာပြပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအနေဖြင့် လိုက်နာ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ရတနာ ပြပွဲများကို နိုင်ငံတကာအဆင့်မီ ကျင်းပပြုလုပ်နိုင်ရေး၊ ပြပွဲဆိုင်ရာလုပ်ငန်းများတွင် အားနည်းချက်မရှိစေရေးအတွက် ဖွဲ့စည်းထားရှိသည့် လုပ်ငန်းကော်မတီများအနေဖြင့် အလေးအနက်ထား ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း၊ ရတနာပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်ကျင်းပပြီး ပြပွဲများ၏  အားသာချက်၊ အားနည်းချက်များအပေါ် ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်း အမျိုးအစားအလိုက် လျာထား အသုံးစရိတ်များကို စနစ်တကျ စိစစ်သုံးစွဲရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စာရင်းရှင်းလင်းတင်ပြနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ယခုကျင်းပမည့် (၅၄)ကြိမ်မြောက် ရတနာပြပွဲနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် ပြပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရန်နှင့် တင်ပြချက်များအပေါ် အစည်းအဝေး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် မှာကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

လုံခြုံရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်၊ ဗိုလ်မှူးကြီးမင်းနောင် ရှင်းလင်းတင်ပြစဉ်              
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

 

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဌေးအောင် ရှင်းလင်းတင်ပြစဉ်  (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

 

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

 

စီမံရေးရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းမင်းဦး ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

 

ဘဏ္ဍာရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာသိန်းစိုး ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

 

ကျောက်စိမ်းလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ညွှန်ကြားရေးမှူး ဦးရဲထွဋ် ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

 

ကျောက်မျက်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ညွှန်ကြားရေးမှူး ဦးမျိုးနိုင် ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

 

 မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဝင်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဟန် ရှင်းလင်းတင်ပြစဉ်  (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

   ထို့နောက် အစည်းအဝေးအစီအစဉ်အရ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက ရတနာပြပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို အသေးစိတ် ရှင်းလင်း တင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

   လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အသေးစိတ် ညှိနှိုင်းဖြည့်ဆည်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ၁၅:၃၀နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။