Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြုလုပ်၊
ရတနာပြပွဲဝင်ခွင့်ဆိုင်ရာကိစ္စရပ်များ လက်ခံဆောင်ရွက်ပေးနေ
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီသည် ၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဩဂုတ်လ (၂) ရက်နေ့မှ (၁၁) ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရတနာပြပွဲဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ယနေ့မနက်ပိုင်းတွင် မဏိရတနာကျောက်စိမ်းခန်းမ၊ နဝရတ် ကိုးသွယ်ဂိတ်ရှိ ရတနာကုန်သည် မှတ်ပုံတင်အဆောက်အအုံ၌ ရတနာပြပွဲ သတင်းထုတ်ပြန်ပေးရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
(၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပြည်တွင်းရတနာကုန်သည်များ ပြပွဲတက် ရောက်ဝယ်ယူခွင့်ကိစ္စရပ်များ လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်ရန် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့မှ (၁၈) ရက်နေ့အထိ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မိုးကုတ်မြို့တို့တွင် စီမံရေးရာလုပ်ငန်းကော်မတီရုံးခွဲများ ဖွင့်လှစ်ပြီး သက်ဆိုင်ရာမြို့နယ်များရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့မှစတင်၍ မဏိရတနာ ကျောက်စိမ်းခန်းမ၊ နဝရတ်ကိုးသွယ်ဂိတ်ရှိ ရတနာကုန်သည် မှတ်ပုံတင်အဆောက်အအုံ၌ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ ပြပွဲတက်ရောက် ဝယ်ယူခွင့်ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရတနာကုန်သည်များ ပြပွဲတက်ရောက် ဝယ်ယူခွင့်ကိစ္စရပ်များ လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်ရေးအတွက် ရတနာကုန်သည် မှတ်ပုံတင်အဆောက်အအုံ၌ ဝင်ခွင့်ဆိုင်ရာကိစ္စရပ်များကို ရတနာကုန်သည်များ လက်ခံစိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိပြီး ရတနာပြပွဲဆိုင်ရာ သတင်း အချက်အလက်များ၊ ဝင်ခွင့်ဆောင်ရွက်ရာတွင် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ၊ ဝင်ကြေးငွေ၊ အာမခံစပေါ်ငွေ၊ ကျောက်တန်ဖိုးငွေပေးချေရမည့် ဘဏ်စာရင်းအမှတ်များနှင့် ရတနာပြပွဲတွင်ကောက်ခံမည့် အခွန်၊ အခနှုန်းထားများကို ရတနာကုန်သည်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဗွီနိုင်း ပိုစတာများကပ်၍ အသိပေးကြော်ငြာထားကြောင်း သိရသည်။
ထို့အပြင် (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှစတင်၍ ရတနာကုန်သည်များ ပြပွဲတက်ရောက် ဝယ်ယူခွင့်ကိစ္စရပ်များ ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်စေရေးအတွက် အမြဲတမ်းဝင်ခွင့် (Permanent) ကတ်ထုတ်ပေးရန် လျာထားစာရင်းများကို ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီး ရတနာပြပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက် စာအုပ်များ(မြန်မာ၊ အင်္ဂလိပ်၊ တရုတ်ဘာသာ)ကိုလဲ ရတနာကုန်သည်များ လက်ခံစိစစ်ရေးအဖွဲ့မှတစ်ဆင့် ရတနာကုန်သည်များသို့ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm