Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရတနာပြပွဲဆိုင်ရာလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဒီဇင်ဘာလ ၆ ရက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ ဦးအုန်းဝင်းသည် ဒီဇင်ဘာလ (၁၂)ရက်နေ့မှ (၂၁)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် နှစ်လယ်ရတနာပြပွဲ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် မဏိရတနာ ကျောက်စိမ်းခန်းမဝင်းအတွင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ ပြပွဲဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းများအလိုက် ရှင်းလင်း တင်ပြခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ရတနာပြပွဲတွင် တင်ပြရောင်းချမည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး ပြပွဲဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။
၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက် အတွဲပေါင်း (၁၉၀)တွဲကို အခြေခံဈေး ယူရို(၄.၀၉၈)သန်းဖြင့် လည်းကောင်း၊ ကျောက်စိမ်း အတွဲပေါင်း (၆၆၈၅)တွဲကို အခြေခံဈေး ယူရို (၁၆၃.၅၈၀) သန်းဖြင့် လည်းကောင်း တင်ပြ ရောင်းချသွားမည်ဖြစ်ပြီး ရတနာပြပွဲသို့ တက်ရောက်မည့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များ မှတ်ပုံတင်ခြင်းကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမရှိ ရတနာကုန်သည် မှတ်ပုံတင် အဆောက်အအုံတွင် နိုဝင်ဘာလ (၂၉)ရက်နေ့မှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm