Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း (၅၅)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော်
၂၀၁၈ ခုနှစ်၊ ဇွန် လ ၁၇ ရက်

   မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်မည့် (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပြပွဲဆိုင်ရာလုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုကို ၁၇.၆.၂၀၁၈ ရက်နေ့ (၁၁:၃၀) နာရီတွင် ကြည့်ရှုစစ်ဆေးရာ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် ပြပွဲဗဟို ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီအသီးသီးနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ရှင်းလင်း တင်ပြသည်။

  ပြည်ထောင်စုဝန်ကြီးသည် ရတနာပြပွဲ ကျင်းပမည့် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ကျောက်ခင်းကွင်းနယ်မြေအလိုက် ကျောက်မျက်ရတနာများ ခင်းကျင်းထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြပွဲဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

   (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၁၈ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့မှ (၂၉) ရက်နေ့ထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း (၃၆၀)တွဲ၊ ကျောက်မျက်အတွဲပေါင်း(၃၃၆)တွဲ၊ ကျောက်စိမ်းအတွဲပေါင်း (၆၇၉၅) တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း နှင့် ဇွန်လ (၆) ရက်နေ့မှစ၍ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမ ရတနာကုန်သည်မှတ်ပုံတင် အဆောက်အအုံတွင် ရတနာပြပွဲသို့ တက်ရောက်မည့် ပြည်တွင်းရတနာကုန်သည် (၈၆၄)ဦး၊ ပြည်ပရတနာကုန်သည် (၂၇၇၅) ဦး ပြပွဲသို့တက်ရောက်ရန် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်