Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း (၅၅)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်မည့် ရတနာကုန်သည်များအား ပြပွဲဝင်ခွင့်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး
နေပြည်တော်
၂၀၁၈ ခုနှစ်၊ ဇွန် လ ၁၉ ရက်
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်မည့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ပြပွဲဝင်ခွင့်ကိစ္စရပ်များ ဆောင်ရွက်ပေးလျက်ရှိသည့် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမရှိ ရတနာကုန်သည် မှတ်ပုံတင်အဆောက်အအုံသို့ ၁၉.၆.၂၀၁၈ ရက်နေ့ (၁၁:၀၀) နာရီတွင် ကြည့်ရှုစစ်ဆေးရာ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် ပြပွဲဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီအသီးသီးနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ပြည်ထောင်စုဝန်ကြီးသည် ရတနာပြပွဲသို့ တက်ရောက်မည့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ပြပွဲဝင်ခွင့်ကိစ္စရပ်များ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာလုပ်ငန်း ကော်မတီအလိုက် ညှိနှိုင်းဆောင်ရွက်ကြရန်မှာကြားပြီး ပြပွဲဝင်ခွင့်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်လျက်ရှိသည့် ရတနာ ကုန်သည်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ပြပွဲဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၁၈ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့မှ (၂၉) ရက်နေ့ထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း(၃၆၀)တွဲ၊ ကျောက်မျက်အတွဲပေါင်း(၃၃၆)တွဲ၊ ကျောက်စိမ်းအတွဲပေါင်း (၆၇၉၅) တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး ပြည်ပနိုင်ငံ (၄) ခုမှ ရတနာကုန်သည် (၃၁၁၀) ဦး၊ ပြည်တွင်းရတနာကုန်သည် (၉၂၃) ဦး ပြပွဲသို့တက်ရောက်ရန် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm