Tel: 067409019 | Mail: messenger@e-mining.gov.mm



(၅၀)ကြိမ်မြောက် ရွှေရတုမြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပခြင်း

     (၁၉၆၄)ခုနှစ်မှစတင်၍ ပထမဆုံးအကြိမ် အဖြစ်ကျင်းပခဲ့သော မြန်မာ့ကျောက်မျက်ရတနာပြပွဲသည် ၂၀၁၃ ခုနှစ်တွင် (၅၀)ကြိမ်မြောက် ရွှေရတုတိုင်ခဲ့ပြီ ဖြစ်ပါသည်။ (၅၀)ကြိမ်မြောက် ရွှေရတု မြန်မာ့ ကျောက်မျက် ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမတွင် (၁၅.၆.၂၀၁၃)ရက်နေ့မှ(၂၇.၆.၂၀၁၃) ရက်နေ့အထိ မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီက ကြီးမှူး၍ ကျင်းပလျှက်ရှိပါ သည်။

     (၅၀)ကြိမ်မြောက် ရွှေရတု မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ပြည်ပနိုင်ငံ(၈)နိုင်ငံ၊ ကုမ္ပဏီပေါင်း (၄၇၂)ခုမှ နိုင်ငံခြားသားရတနာကုန်သည် (၄၀၅၃)ဦး၊ ပြည်တွင်း ကျောက်မျက် ရတနာကုမ္ပဏီ (၈၂၂)ခုမှ ပြည်တွင်းရတနာကုန်သည် (၅၄၄၇)ဦး တက်ရောက်ခဲ့ကြပါသည်။

     (၅၀)ကြိမ်မြောက်ရွှေရတု မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် (၁၅.၆.၂၀၁၃)ရက်နေ့မှ (၂၅.၆.၂၀၁၃) ရက်နေ့အထိ မြန်မာ့ပုလဲ၊ကျောက်စိမ်း၊ ကျောက်မျက် ရတနာအတွဲများကို အောက်ပါအတိုင်း ရောင်းချ ခဲ့ရပါသည် -

(က) မြန်မာ့ပုလဲ
        (၁) တင်ဒါစနစ် တင်ပြအတွဲ (၂၃၄)တွဲ ရောင်းရအတွဲ (၂၃၁) တွဲ
        (၂) စျေးပြိုင်လေလံစနစ် တင်ပြအတွဲ (၂၁) တွဲ ရောင်းရအတွဲ (၂၁) တွဲ

(ခ) ကျောက်မျက်
        (၁) တင်ဒါစနစ် တင်ပြအတွဲ (၂၇၂) တွဲ ရောင်းရအတွဲ (၆၀)တွဲ
        (၂) စျေးပြိုင်လေလံစနစ် တင်ပြအတွဲ (၁၀၇) တွဲ ရောင်းရအတွဲ (၄၅) တွဲ

(ဂ) ကျောက်စိမ်း
        (၁) တင်ဒါစနစ် တင်ပြအတွဲ (၉၆၅၇) တွဲ ရောင်းရအတွဲ (၈၆၂၃) တွဲ
        (၂) စျေးပြိုင်လေလံစနစ် တင်ပြအတွဲ (၁၈၀) တွဲ ရောင်းရအတွဲ (၁၀၆) တွဲ

     (၂၃.၆.၂၀၁၃)ရက်နေ့တွင် တင်ဒါစနစဖြင့် ရောင်းချမှုအစီအစဉ် ပြီးဆုံးပြီးနောက် ပြည်တွင်းပြည်ပ ရတနာကုန်သည်အချို့သည် နေရာအသီးသီးသို့ ပြန်လည် ထွက်ခွာခဲ့ကြသော်လည်း စျေးပြိုင် လေလံစနစ်ဖြင့် ဝယ်ယူလိုကြသည့် ရတနာကုန်သည်များက (၂၄.၆.၂၀၁၃)ရက်နေ့နှင့် (၂၅.၆.၂၀၁၃)ရက်နေ့ များတွင် ဆက်လက် ဝယ်ယူခဲ့ကြပါသည်။ (၂၆.၆.၂၀၁၃)ရက်နေ့နှင့် (၂၇.၆.၂၀၁၃) ရက်နေ့များတွင် ကျောက်စိမ်း စျေးပြိုင်အတွဲများ ဆက်လက် ရောင်းချလျှက်ရှိပြီး စျေးပြိုင်လေလံစနစ်ဖြင့် ဝယ်ယူကြရန်အတွက် ကျန်ရှိနေခဲ့သည့် ပြည်ပရတနာကုန်သည် (၇၉၀)ဦးနှင့် ပြည်တွင်း ရတနာကုန်သည် (၄၉၃)ဦးတို့က အပြိုင်အဆိုင် ဆက်လက် ဝယ်ယူလျှက်ရှိပါသည်။

     မဏိရတနာ ကျောက်စိမ်းခန်းမတွင် ခင်းကျင်း ရောင်းချလျှက်ရှိသည့် လက်ဝတ်ရတနာ အရောင်းဆိုင်များတွင် ကြည့်ရှုလေ့လာသူ၊ ဝယ်ယူသူများဖြင့် စည်ကားလျှက်ရှိ၍ သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က နေ့စဉ် လာရောက်ကြည့်ရှု အားပေးလျှက်ရှိပြီး လေ့လာရေးအဖွဲ့များ လာရောက် လေ့လာပါကလည်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက တာဝန်ရှိသူများနှင့် အတူ လိုက်လံရှင်းလင်း ပြသပေးလျှက်ရှိပါသည်။

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း