Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
သတင်းကြေညာချက်
၁၃၇၆ ခုနှစ်၊ ကဆုန်လဆန်း (၁၁) ရက်
၂၀၁၄ ခုနှစ်၊ မေလ (၉) ရက်
၁။ သတ္တုတွင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ၂၀၁၄ ခုနှစ် ၊ (၅၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမနှင့် မြန်မာ့ကျောက်မျက် ရတနာပြတိုက်တို့တွင် ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့မှ ဇူလိုင်လ (၆)ရက်နေ့ထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။
၂။ မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များက တင်ပြရောင်းချလိုသည့် ကျောက်စိမ်းတွဲ စာရင်းများကို ၂၀၁၄ ခုနှစ်၊ မေလ (၉)ရက်နေ့မှ (၁၅)ရက်နေ့ထိ စိစစ်ဆောင်ရွက်ပြီး ၂၀၁၄ ခုနှစ်၊ မေလ (၁၉)ရက်နေ့မှ ဇွန်လ(၁၁) ရက်နေ့ထိ ကျောက်မျက် ရတနာများကို စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းစျေး ညှိနှိုင်းသတ်မှတ်ခြင်း၊ ရောင်းချပွဲကျင်းပမည့်နေရာသို့ ပြောင်းရွေ့ ခင်းကျင်းခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၃။ ကျောက်မျက်ရတနာပြပွဲသို့ ခွင့်ပြုမိန့် ရယူ၍ ကျောက်မျက် ရတနာများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင် ရယူ၍ ကျောက်မျက်ရတနာ အချောထည်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ ဂျီတီစီ (GTC) လိုင်စင်ရယူ ထားသူများနှင့် ကျောက်မျက် ရတနာကုမ္ပဏီ မှတ်ပုံတင် ရရှိပြီးသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရတနာပြပွဲသို့ တက်ရောက် ခွင့်ပြုမည်ဖြစ်ပြီး မြန်မာ့ကျောက်မျက် ရတနာဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင် ရယူထားသူများကို ဝယ်ယူခွင့်ပြုမည် ဖြစ်ပါသည်။ ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက် ဝယ်ယူလိုသော နိုင်ငံသား ရတနာ ကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံ စပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည် ဖြစ်ပါသည်။
၄။ မြန်မာ့ကျောက်မျက် ရတနာပြပွဲသို့ တက်ရောက် ဝယ်ယူလိုသူများသည်၂၀၁၄ ခုနှစ်၊ ဇွန်လ(၂)ရက်နေ့မှ (၁၃)ရက်နေ့ထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်ထားသော စီမံရေးရာလုပ်ငန်းကော်မတီ ရုံးခွဲများနှင့်လည်းကောင်း၊ ဇွန်လ(၁၆)ရက်နေ့ (၂၅)ရက်နေ့ထိ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)တွင် ဖွင့်လှစ်ထားရှိသည့် စီမံရေးရာလုပ်ငန်း ကော်မတီ ရုံးအဖွဲ့နှင့်လည်းကောင်း ပြပွဲတက်ရောက် ဝယ်ယူခွင့်ဆိုင်ရာကိစ္စရပ်များ ဆက်သွယ် ဆောင်ရွက် နိုင်ပါသည်။
၅။ ၂၀၁၄ ခုနှစ်၊ (၅၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာ ပြပွဲနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ရုံးချုပ်(နေပြည်တော်)၊ မြန်မာ့ကျောက်မျက် ရတနာပြတိုက်(ရန်ကုန်)၊ ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)၊ ကျောက်မျက်တူးဖော်ရေးဌာန (မန္တလေး၊ မိုးကုတ်၊ မိုင်းရှူး)နှင့် မြစ်ကြီးနားမြို့ ၊ ခန္တီးမြို့၊ မိုးညှင်းမြို့များတွင် အခြေပြုသည့် ကျောက်စိမ်းတူးဖော်ရေးဌာန (စခန်းရုံး)များတွင် ဆက်သွယ် စုံစမ်းနိုင်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm