Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊
စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
ကျောက်မျက်ရတနာ ဖော်ထုတ်လုပ်ကွက် (အသစ်) လျှောက်လွှာများ တင်သွင်းရန်
ကြေညာချက် (၁၁/၂၀၁၅)
၁၃၇၇-ခုနှစ်၊ နတ်တော်လဆန်း ( ၅ )ရက်
(၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်)
၁။ သတ္တုတွင်းဝန်ကြီးဌာန၊ ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်း ကော်မတီသည် မိုင်းရှူး ရတနာနယ်မြေ၊ နန့်ယားဆိပ် ရတနာနယ်မြေ၊ ခန္တီး ရတနာနယ်မြေ၊ မော်လူး၊ မော်ဟန် ရတနာနယ်မြေ (မိုးညှင်း ရတနာနယ်မြေ) များနှင့် ရတနာနယ်မြေ ပြင်ပတွင် နိုင်ငံသား ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အသင်းများအနေဖြင့် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဖော်ထုတ် လုပ်ကွက် (အသစ်) လျှောက်လွှာများကိုလက်ခံ၍ သတ်မှတ်ချက်များနှင့်အညီ ကွင်းဆင်း စစ်ဆေးတိုင်းတာပြီး ခွင့်ပြုမိန့် ထုတ်ပေးမည်ဖြစ်ပါသဖြင့် အောက်ပါအတိုင်း လျှောက်လွှာ ထုတ်ယူခြင်း/တင်သွင်းခြင်းတိုကို ဆောင်ရွက်ရန် ကြေညာချက် (၇/၂၀၁၅)ဖြင့် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခဲ့ပြီး ဖြစ်ပါသည်-
(က) ဖော်ထုတ်လုပ်ကွက်(အသစ်) အဆိုပြုလွှာထုတ်ယူခြင်းကို (၁၃.၇.၂၀၁၅)ရက်နေ့ မှ (၁၉.၁၀.၂၀၁၅) ရက်နေ့ထိ လည်းကောင်း၊
(ခ) ဖော်ထုတ်လုပ်ကွက်(အသစ်)အဆိုပြုလွှာတင်သွင်းခြင်းကို (၁၃.၇.၂၀၁၅)ရက်နေ့မှ (၁၆.၁၁.၂၀၁၅) ရက်နေ့ထိလည်းကောင်း၊
၂။ ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကော်မတီ၏(၁၂/၂၀၁၅)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အသင်းများသည် ကြေညာချက် (၇/၂၀၁၅)ဖြင့် ဝယ်ယူထားသည့် ဖော်ထုတ် လုပ်ကွက်(အသစ်) အဆိုပြုလွှာများ တင်သွင်းခွင့်ကို (၁၇.၁၂.၂၀၁၅) ရက်နေ့မှ (၁၈.၁.၂၀၁၆) ရက်နေ့အထိ သက်တမ်း တိုးမြှင့်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
၃။ ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အသင်းများသည် အထက်ဖော်ပြပါ ရတနာနယ်မြေများနှင့် ရတနာနယ်မြေပြင်ပတွင် တည်ဆဲဥပဒေအရ စိုက်ပျိုးလုပ်ကိုင်ခွင့်၊ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့်၊ အကျိုးခံစားခွင့်၊ ဆက်ခံခွင့် သို့မဟုတ် လွှဲပြောင်းပိုင်ခွင့်ရှိသည့်မြေတွင် ကျောက်မျက် ရတနာထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်လိုပါက ဖော်ထုတ်လုပ်ကွက် အဖြစ် ခွင့်ပြုမိန့် ထုတ်ပေးရန်အတွက် သတ်မှတ်ချက်များနှင့်အညီ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေး လုပ်ငန်း (ရုံးချုပ်) နေပြည်တော်တွင် အောက်ပါအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်-
(က) ဖော်ထုတ်လုပ်ကွက် (အသစ်) လျှောက်လွှာပုံစံ (မကလ-၅)တွင် လိုအပ်သည်များကို ပြည့်စုံစွာရေးသွင်းပြီး မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ရုံးချုပ်(မြန်မာ့ကျောက်မျက် ရတနာပြတိုက်- နေပြည်တော်)တွင် သတ်မှတ်ချက်များနှင့်အညီ တင်သွင်းရပါမည်။
(ခ) ဖော်ထုတ်လုပ်ကွက် (အသစ်) တစ်ကွက်အတွက် လျှောက်လွှာ တစ်စောင် တင်သွင်းရပါမည်။
(ဂ) လျှောက်လွှာနှင့်အတူ လျှောက်ထားလိုသည့် ဖော်ထုတ်လုပ်ကွက်(အသစ်)၏ တည်နေရာပြမြေပုံ ကြမ်းကို ပူးတွဲ၍ စာအိတ်တွင်ထည့်ပြီး ချိတ်ပိတ် တင်သွင်းရပါမည်။
(ဃ) လျှောက်ထားလိုသည့် ဖော်ထုတ်လုပ်ကွက် (အသစ်)၏ တည်နေရာပြ မြေပုံကြမ်းတွင် လျှောက်ထား သူက လက်မှတ်ရေးထိုး ပေးရပါမည်။
(င) ဖော်ထုတ်လုပ်ကွက် (အသစ်) လျှောက်ထားသောမြေနေရာ၏ အပိုဒ်(၃)ပါ အခွင့်တရပ်ရပ်အတွက် အထောက်အထား တင်ပြရပါမည်။
၄။ ကျောက်မျက်ရတနာ ဖော်ထုတ်လုပ်ကွက် (အသစ်)များ လျှောက်လွှာ တင်သွင်းရာတွင် အဆိုပြုလွှာ တစ်စောင် (လုပ်ကွက်တစ်ကွက်) အတွက် အာမခံစပေါ်ငွေ (DEPOSIT) ၁၀၀၀၀၀ဝိ/- (ကျပ်တစ်ဆယ်သိန်း)နှင့် ကွင်းဆင်း စစ်ဆေးစရိတ် ၅၀၀၀ဝိ/- (ကျပ်ငါးသောင်း) ပေးသွင်းရပါမည်။
၅။ အသေးစိတ် သိလိုသည့်အချက်များကို မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (ရုံးချုပ်) နေပြည်တော်တွင်လည်းကောင်း၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း(ရုံးခွဲ) ရန်ကုန်မြို့တွင်လည်းကောင်း၊ မန္တလေး၊ မိုးကုတ် ၊ လုံးခင်း၊ မြစ်ကြီးနား၊ မိုးညှင်း၊ နန့်ယားဆိပ်၊ ခန္တီးနှင့် မိုင်းရှူး (လွိုင်ဆောင်ထောက်)တို့တွင် အခြေပြုသည့် ကျောက်မျက်၊ ကျောက်စိမ်း တူးဖော်ရေးဌာန/ စခန်းရုံးများတွင်လည်းကောင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။
ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး
စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm