Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၆ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပြပွဲဗဟိုကော်မတီ (ပထမအကြိမ်) အစည်းအဝေးကျင်းပ
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ၂၀၁၆ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် နိုဝင်ဘာလ (၂၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ရတနာပြပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေး ပထမအကြိမ် ပြပွဲဗဟိုကော်မတီအစည်းအဝေးကို ၂.၁၁.၂၀၁၆ ရက်နေ့၊ ၁၄:၀၀နာရီတွင် နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမရှိ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြပွဲဗဟိုကော်မတီဝင် များဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရတနာပြပွဲအထောက်အကူပြု လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းတို့ တက်ရောက်ခဲ့ကြပါသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အဖွင့်အမှာစကားပြောကြားစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ရှေးဦးစွာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် “ပြီးခဲ့သည့် ဇွန်လ (၂၄)ရက်မှ ဇူလိုင်လ (၆)ရက်ထိ (၅၃)ကြိမ်မြောက် ရတနာပြပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ပေးနိုင်ခဲ့ပြီး ယခုကျင်းပပြုလုပ်မည့် နှစ်လယ် ရတနာပြပွဲသည် အစိုးရသစ်လက်ထက် ဒုတိယအကြိမ်မြောက်ကျင်းပသည့် ရတနာပြပွဲဖြစ်ပါကြောင်း၊ နှစ်တစ်နှစ်အတွင်း နိုင်ငံခြားငွေဖြင့်ရောင်းချသည့် ရတနာပြပွဲ (၃)ပွဲ၊ မြန်မာကျပ်ငွေဖြင့်ရောင်းချသည့် အသားကျောက်ရောင်းချပွဲ (၂)ပွဲ ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားရာ ပြပွဲကျင်းပမည့်ကာလ အဆင်ပြေချောမွေ့စေရေးအတွက် ကျင်းပပြီးစီးခဲ့သည့် နိုင်ငံခြားငွေဖြင့် ရောင်းချခဲ့သည့် ပြပွဲများတွင် (၁၃)ရက်ကြာ ခင်းကျင်းပြသရောင်းချခဲ့သော်လည်း ယခုကျင်းပမည့် နှစ်လယ် ရတနာပြပွဲမှစ၍ (၁၀)ရက်သာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ ယခုအခါ အမေရိကန်အစိုးရအနေဖြင့် ကျောက်စိမ်း၊ ပတ္တမြားနှင့် လက်ဝတ်ရတနာများအပါအဝင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပြီးဖြစ်ရာ ကျောက်မျက်ရတနာကို စိတ်ဝင်စားသည့် အနောက်ဥရောပနိုင်ငံများမှ ရတနာကုန်သည်များ ပြပွဲသို့ တက်ရောက်လာနိုင်သည့်အတွက် ရတနာပြပွဲများကို နိုင်ငံတကာအဆင့်မီ ကျင်းပပြုလုပ်နိုင်ရေးနှင့် ပြပွဲဆိုင်ရာလုပ်ငန်းများတွင် အားနည်းချက်မရှိစေရေး ဆောင်ရွက်ထားကြရန် တိုက်တွန်းပါကြောင်း”ဖြင့် ပြောကြားခဲ့ပါသည်။
လုံခြုံရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်၊ ဗိုလ်မှူးကြီးမင်းနောင် ရှင်းလင်းတင်ပြစဉ်
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဝင်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဦးရုံးမူ ရှင်းလင်းတင်ပြစဉ်(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ကျောက်စိမ်းလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ညွှန်ကြားရေးမှူး ဦးရဲထွဋ် ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ကျောက်မျက်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ညွှန်ကြားရေးမှူး ဦးမျိုးနိုင် ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
စီမံရေးရာလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ဘဏ္ဍာရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးသက်ဇော်ဦး ရှင်းလင်းတင်ပြစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
ထို့နောက် အစည်းအဝေးအစီအစဉ်အရ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက ရတနာပြပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို အသေးစိတ် ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာလုပ်ငန်းအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။
လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အသေးစိတ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ၁၅:၅၀နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm