Tel: 067409019 | Mail: messenger@e-mining.gov.mm
NHK World’s news မှ TV caster Ms.Roselyn Debhavalya က မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ညွှန်ကြားရေးမှူး ဦးရဲထွဋ်အား လာရောက်တွေ့ဆုံ
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ညွှန်ကြာရေးမှူး ဦးရဲထွဋ် ဖြေကြားနေစဉ် (ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာလုပ်ငန်းများနှင့်စပ်လျဉ်း၍ NHK World’s TV caster Ms.Roselyn Debhavalya က ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့တွင် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)၌ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ညွှန်ကြားရေးမှူး ဦးရဲထွဋ်အား တွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခဲ့ပါသည်။
Ms.Roselyn Debhavalya :
မင်္ဂလာပါ။ ကျွန်မက NHK World’s TV caster Ms.Roselyn Debhavalya ဖြစ်ပါတယ်။ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းများနှင့်ပတ်သက်ပြီး မေးခွန်းတချို့ မေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ရှင့်။ မကြာသေးမီနှစ်အတွင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းများအပေါ် ခြုံငုံသုံးသပ်ချက်နှင့် ဦးတည်ချက်များကို သိရှိလိုပါတယ်။
ဦးရဲထွဋ် :
မကြာသေးမီနှစ်အတွင်း မြန်မာ့ကျောက်မျက်လုပ်ငန်းများသည် အတန်အသင့် အောင်မြင်မှုရှိသည်ဟု ယူဆပါတယ်။ တူးဖော်ရရှိတဲ့ ကျောက်မျက်ရတနာများကို ပြည်ပနိုင်ငံများသို့ အရိုင်းအတိုင်း တင်ပို့ ရောင်းချမှု (၉၀)ရာခိုင်နှုန်းခန့်ရှိပြီး ပြည်တွင်း အချောထည်ထုတ်လုပ်မှု၊ Value added ပစ္စည်းများ ထုတ်လုပ်မှုအားနည်းနေပြီး ကျောက်မျက်ရတနာနှင့် ပတ်သက်သည့် ပြုပြင်ခြင်း၊ ထုတ်လုပ်ခြင်းတွင် အရင်းအနှီးနှင့် နည်းပညာကျွမ်းကျင်မှု အားနည်းနေသေးသည်ကို တွေ့ရှိရပါတယ်။ အချောထည် လက်ဝတ်ရတနာ ထုတ်လုပ်ခြင်း နည်းပညာများတိုးတက်ရန် ပြည်တွင်းတွင် တန်ဖိုးကြီး လက်ရာမြောက် သေသပ်လှပသည့်ပစ္စည်းများ ပိုမိုထုတ်လုပ်ရန်၊ ကျောက်မျက်ရတနာ အချောထည်ဈေးကွက် ပြည်တွင်း၌ စည်ပင်ထွန်းကား ဖြစ်ပေါ်စေရန် ဦးတည်ထားရှိပြီး ထွက်ရှိသည့် ကျောက်မျက်ရတနာအချောထည်များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် Gems Trading Centre (GTC) များ ဖွင့်လှစ်ဆောင်ရွက်ရန် ရည်ရွယ်ထားပါတယ်ခင်ဗျ။
Ms.Roselyn Debhavalya :
အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုများရုပ်သိမ်းပြီးနောက် ကျောက်မျက်ရတနာများ တင်ပို့ရောင်းချမှု၏ တိုးတက်မှု အခြေအနေကို ဘယ်လိုခန့်မှန်းတွက်ချက်နိုင်မလဲရှင့်။
ဦးရဲထွဋ် :
အမေရိကန်အစိုးရ၏ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပြီးနောက် မြန်မာနိုင်ငံမှ အများဆုံးထွက်ရှိသော ကျောက်စိမ်းကို အမေရိကန်နိုင်ငံမှ စိတ်ဝင်စားခြင်းမရှိလို့ ကျောက်စိမ်း ဈေးကွက်အနေနဲ့ ထူးခြားမှု မရှိနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျောက်မျက်ရတနာများ တင်ပို့ရောင်းချမှုလုပ်ငန်း တိုးတက်မှုအခြေအနေကို ကိန်းဂဏန်းများဖြင့် ခန့်မှန်း တွက်ချက်ရန်ထက် သေချာသည့် အကြောင်းတစ်ချက်မှာ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်ရ လွယ်ကူ ချောမွေ့ လျင်မြန်လာနိုင်ပြီး ရောင်းခြင်း၊ ဝယ်ခြင်းကိစ္စများ ပိုမိုအဆင်ပြေ ချောမွေ့လွယ်ကူစွာ ကောင်းမွန်လာနိုင်မည့်အချက် ဖြစ်ပါတယ်။
Ms.Roselyn Debhavalya :
တရုတ်နိုင်ငံမှ ကျောက်စိမ်းလိုအပ်ချက် သိသာထင်ရှားစွာ လျော့နည်းလာမှုအပေါ် ညွှန်မှူးကြီးရဲ့ အမြင်ကို သိရှိလိုပါတယ်။
ဦးရဲထွဋ် :
တရုတ်နိုင်ငံမှ ကျောက်စိမ်းလိုအပ်ချက် သိသာစွာ လျော့နည်းခြင်းဟာ ၎င်းတို့နိုင်ငံအခြေအနေတစ်ရပ်ရပ်ပေါ်တွင် မူတည်၍ ဝယ်လိုအားနည်းသွားခြင်း ဖြစ်နိုင်ပါတယ်။ တရုတ်နိုင်ငံက ကျောက်စိမ်းဝယ်လိုအား လျော့နည်းသော်လည်း မြန်မာနိုင်ငံအနေနဲ့ တုန်လှုပ်စရာမရှိပါဘူး။ ဝယ်လိုအားနည်းသဖြင့် ရောင်းချရမှု လျော့နည်းမည်ဖြစ်သော်လည်း မြန်မာနိုင်ငံရဲ့ စီးပွားရေး ထူထောင်မှုအရ သဘာဝသယံဇာတများကို ထုတ်နုတ်ရောင်းချခြင်းထက် လူသားအရင်းအမြစ်နှင့် အခြားစီးပွားရေးများကို ဦးစားပေးဆောင်ရွက်မည့်အပြင် လက်ရှိတွင် ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်မှု လုပ်ငန်းများကို သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အခြေအနေများကြောင့် ကန့်သတ်ထုတ်လုပ်မှုများ စတင်ဆောင်ရွက်နေပြီး လျှော့ချထုတ်လုပ်မည့် အခြေ အနေရှိသဖြင့် ဝယ်လိုအားကျဆင်းသော်လည်း ကျောက်မျက်ရတနာရောင်းချခြင်းအပေါ် စိုးရိမ်စရာအခြေအ နေမရှိဘူးလို့ကျွန်တော်ထင်ပါတယ်။
Ms.Roselyn Debhavalya :
ကျောက်မျက်ရတနာလုပ်ငန်းများနှင့် စပ်လျဉ်းပြီး မြန်မာအစိုးရအနေနဲ့ ဘယ်လိုပြဿနာများကို ဖြေရှင်းပေးရန် လိုအပ်ပါသလဲ။
ဦးရဲထွဋ် :
ကျောက်မျက်ရတနာလုပ်ငန်းများနှင့် စပ်လျဉ်းပြီး မြန်မာအစိုးရအနေနဲ့ တူးဖော်ထုတ်လုပ်စဉ် တွေ့ကြုံရမယ့် ပြဿနာများနှင့် တူးဖော်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးရန် လိုအပ်ပါတယ်။
Ms.Roselyn Debhavalya :
မေးမြန်းမှုများအပေါ် ဖြေဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဦးရဲထွဋ် :
ကျွန်တော်လည်းကျေးဇူးတင်ပါတယ်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm