Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
သတင်းကြေညာချက်
၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော်( ၆ )ရက်
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၇ )ရက်


၁။  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီသည် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ၂၀၁၇ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂။    ရောင်းချပွဲတွင် တင်ပြရောင်းချမည့် ကျောက်မျက်၊ ကျောက်စိမ်းအတွဲများကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်နေ့ မှ မတ်လ(၉)ရက်နေ့ အထိ စစ်ဆေးလက်ခံခြင်း၊ အခြေခံ ရောင်းဈေး ညှိနှိုင်းသတ်မှတ်ခြင်း၊ ခင်းကျင်း နေရာ ချထားခြင်းများကို သက်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

၃။    ကျောက်မျက်ရတနာ ရောင်းချပွဲသို့ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ ကျောက်မျက်ရတနာ ကုမ္ပဏီမှတ်ပုံတင် ရရှိပြီးသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။

၄။    မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရယူထားသူများကို ဝယ်ယူခွင့်ပြုမည် ဖြစ်ပါသည်။ ကျောက်မျက်ရတနာ ရောင်းချပွဲသို့ တက်ရောက် ဝယ်ယူလိုသော နိုင်ငံသားရတနာ ကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံစပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည်ဖြစ်ပါသည်။

၅။  ရောင်းချပွဲသို့ တက်ရောက်လိုသော နိုင်ငံသား ရတနာကုန်သည်များကို ၂၀၁၇ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့မှစတင်၍ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)တွင် ဖွင့်လှစ်ထားသော စီမံရေးရာလုပ်ငန်း ကော်မတီရုံးတွင် ရောင်းချပွဲ တက်ရောက်ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ ဝန်ကြီးဌာန  Website www.mining.gov.mm နှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း Website www.mge.gov.mm တွင် နိုင်ငံသား ရတနာကုန်သည်များ မှတ်ပုံတင်ရာ၌ ဖြည့်သွင်းရမည့် ပုံစံများကို Download ရယူနိုင်ပါသည်။ On-line မှတစ်ဆင့် လျှောက်ထားလိုပါက Website  www.mge.gov.mm ၊ On-line Pre-Registration System တွင် မှတ်ပုံတင်၍ ရောင်းချပွဲ တက်ရောက်ခွင့် ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။

၆။  ၂၀၁၇ ခုနှစ်၊ မတ်လ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ တက်ရောက် ဝယ်ယူခွင့် ကိစ္စများနှင့်စပ်လျဉ်း၍ အသေးစိတ် သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်(နေပြည်တော်)၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်)၊ ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)၊ ကျောက်မျက် တူးဖော်ရေးဌာန (မန္တလေး၊ မိုးကုတ်၊ မိုင်းရှူး)နှင့် မြစ်ကြီးနားမြို့၊ ခန္တီးမြို့၊ မိုးညှင်းမြို့များတွင် အခြေပြုသည့် ကျောက်စိမ်းတူးဖော်ရေးဌာန(စခန်းရုံး)များတွင် ဆက်သွယ် စုံစမ်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ


ပြပွဲဝင်ခွင့်ပုံစံရယူရန်