Tel: 067409019 | Mail: messenger@e-mining.gov.mm



The 1st Mandalay International Gems and Jewellery Fair (2019) ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေး
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်

  မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ ကြီးကြပ်မှုဖြင့် ကျင်းပပြုလုပ်သည့် The 1st Mandalay International Gems and Jewellery Fair (2019) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၇၈ လမ်းနှင့် ၃၄ လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် အလုပ် အမှုဆောင်များ၊ မန္တလေးရတနာမော် ကျောက်မျက်ရတနာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သူရ နှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဧည်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

  ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေနှင့် တာဝန်ရှိသူများက The 1st Mandalay International Gems and Jewellery Fair (2019) ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

  ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ရတနာမျိုးစုံထွက်ရှိပြီး မိုးကုတ်ဒေသ၌ အရည်အသွေး ပြည့်မီသည့် ကျောက်မျက်များအပါအဝင် ကျောက်အမျိုးအစားပေါင်း (၈၀)ခန့် ထွက်ရှိပါကြောင်း၊ ယခုပြပွဲတွင် အရည်အသွေးမြင့်သည့် ကျောက် မျက်ရတနာများအပြင် အရည်အသွေးနိမ့်သည့် ကျောက်မျက်ရတနာများလည်း ပါဝင်ပြသပေးခြင်းအားဖြင့် လူတန်းစား အလွှာအသီးသီး လာရောက်လေ့လာဝယ်ယူနိုင်မည်ဖြစ်၍ ရတနာပြပွဲများကို နောင်ကာလများတွင် ဆက်လက်ကျင်းပပြုလုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပြီး နှစ်စဉ်ကျင်းပပြုလုပ်မည့် လုပ်ငန်းအစီအမံများကိုလည်း ကြိုတင်ပြင်ဆင်ထားရှိမည်ဆိုပါက ဖိတ်ကြားရန်မလိုဘဲ နိုင်ငံတကာမှ ရတနာကုန်သည်များ သိရှိ၍ ပြပွဲသို့ တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း၊ ပြပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံတကာမှ ရတနာကုန်သည်များကို ခရီးသွားကဏ္ဍနှင့်ဆက်စပ်ပေးခြင်းအားဖြင့် နိုင်ငံ၏ ခရီးသွားကဏ္ဍကို မြှင့်တင်ပေးရာ ရောက်ပါကြောင်းပြောကြားခဲ့ပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

  ဆက်လက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက မြန်မာနိုင်ငံသည် ကမ္ဘာ့ကျောက်မျက်ရတနာဈေးကွက်၌ လူကြိုက်များသော ကမ္ဘာ့ အဆင့်အတန်းမီ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပုလဲများကို စီးပွားဖြစ် တူးဖော်ထုတ်လုပ် ရောင်းချနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သဘာဝသယံဇာတများကို သားစဉ်မြေးဆက် ရေရှည်တည်တံ့ ထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နေသည့်အပြင် ကျောက်မျက်များကို သဘာဝအရိုင်းအတိုင်း ရောင်းချမှုအား လျော့ချ၍ တန်းဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုလုပ်ရောင်းချနိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

  ထို့နောက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် မန္တလေး ရတနာမောလ် ကျောက်မျက်ရတနာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သူရတို့က အသီးသီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

  ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ ပြပွဲဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေနှင့် တာဝန်ရှိသူများက စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ပြပွဲ၌ တင်ပြရောင်းချသည့် ကျောက်မျက်ရတနာပြခန်းများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

  The 1st Mandalay International Gems and Jewellery Fair (2019) ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။