Tel: 067409019 | Mail: messenger@e-mining.gov.mm



နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရွှေကြာပင်ကျောက်မျက်ရတနာအချောထည်ဈေးသို့ နိုင်ငံတော်သမ္မတ လာရောက်ကြည့်ရှုစစ်ဆေးခြင်း

နိုင်ငံတော်သမ္မတသည် (၂၃.၄.၂၀၁၄)ရက်နေ့၊ (၀၉၁၀)နာရီအချိန်တွင် နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်ရှိ ရွှေကြာပင် ကျောက်မျက် ရတနာ အချောထည်ဈေးသို့ ရောက်ရှိ စစ်ဆေးပြီး အောက်ပါ အချက် များကို လမ်းညွှန် မိန့်ကြားခဲ့ပါသည်-
(က)  ယခင်က ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာများကို အကြမ်းထည်အတိုင်း ရောင်းချခဲ့ရာမှ ယခုအခါ ပြည်တွင်းမှာပင် အချောထည်များ ထုတ်လုပ် ရောင်းချနိုင်ပြီ ဖြစ်ကြောင်း၊
(ခ)  ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် ကုန်ချော ထုတ်လုပ် ရောင်းချ ခြင်းက တန်ဖိုး ပိုမို မြင့်မားစွာ ရောင်းချနိုင်ပြီး ကုန်ကြမ်း အလေအလွင့် မဖြစ်တော့သည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းလည်း ပေါများ လာမည်ဖြစ်ကြောင်း၊
(ဂ)  ထို့အတူ ကုန်ချော ထုတ်လုပ်နိုင်ပြီ ဖြစ်သည့်အတွက် ပြည်ပတွင် ဈေးကွက်များ ဖန်တီးပြီး ဈေးကွက်ပိုမို ကျယ်ပြန့်အောင် ဆောင်ရွက် သွားကြ စေလိုကြောင်း၊
(ဃ)  ကျောက်မျက် ရတနာ အချောထည်ဈေးများကို မန္တလေး၊ မြစ်ကြီးနား စသည်တို့တွင်လည်း ဆက်လက် ဖွင့်လှစ်မည် ဖြစ်သည့် အတွက် ယင်းဈေးများ ဖွင့်လှစ်ပါက တူညီသည့်မူဝါဒ ထားရှိရန် လိုအပ်မည် ဖြစ်ကြောင်း၊
(င)  ဤအချောထည်ဈေးတွင် ထုတ်လုပ်သည့် ကုန်ချောများမှာ တန်ဖိုး ကြီးမားသည့်အတွက် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် လုံခြုံရေးကို အထူးဂရုစိုက် ဆောင်ရွက်ကြ ရန်လိုကြောင်း၊
(စ)  မိမိနိုင်ငံမှ ထွက်ရှိသည့် ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာ ဈေးကွက်ကို မိမိနိုင်ငံမှာပင် တည်ရှိနေရန် အဓိကထား၍ ကြိုးပမ်း ဆောင်ရွက် သွား စေလိုကြောင်း၊
(ဆ)  အချောထည်များကို ထုတ်လုပ်ရာတွင် သက်ဆိုင်ရာ နိုင်ငံအလိုက်၊ ဈေးကွက် အလိုက် ကြိုက်နှစ်သက်သည့် အမှတ်တရ ပစ္စည်းများအဖြစ်လည်း ဖန်တီး ထုတ်လုပ်ကြရန် ဖြစ်ကြောင်း၊
(ဇ)  မကြာမီကာလတွင် အွန်လိုင်း ဖွံ့ဖြိုးလာမည်ဖြစ်သည့်အတွက် အွန်လိုင်းမှတစ်ဆင့်လည်း ရောင်းချ ပေးနိုင်အောင် စီစဉ် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊
(ဈ)  လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများနှင့် လုပ်ငန်းရှင်များ တွေ့ဆုံကာ အသေးစိတ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခြင်းဖြင့် အဖြေရှာကြရန် ဖြစ်ကြောင်း။