Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
သတင်းကြေညာချက်
၁၃၇၆ ခုနှစ်၊ နယုန်လပြည့်ကျော် ( ၄ )ရက်
၂၀၁၄ ခုနှစ်၊ ဇွန်လ ( ၁၆ )ရက်

၁။    သတ္တုတွင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီသည် ၂၀၁၄ ခုနှစ်၊ (၅၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမနှင့် မြန်မာ့ကျောက်မျက် ရတနာပြတိုက်(ရတနာဈေးအထပ်)တို့တွင် ၂၀၁၄ ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့မှ ဇူလိုင်လ(၆) ရက်နေ့ထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။


၂။   ကျောက်မျက် ရတနာပြပွဲသို့ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက် ရတနာများ တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက် ရတနာ အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ သက်တမ်းရှိ ဂျီတီစီ (GTC) လိုင်စင် ရယူထားသူများနှင့် ကျောက်မျက် ရတနာကုမ္ပဏီ မှတ်ပုံတင် ရရှိပြီးသူများ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရတနာပြပွဲသို့ တက်ရောက်ခွင့် ပြုမည်ဖြစ်ပြီး မြန်မာ့ကျောက်မျက် ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင် ရယူထားသူများကို ဝယ်ယူခွင့်ပြုမည် ဖြစ်ပါသည်။ ကျောက်မျက် ရတနာပြပွဲသို့ တက်ရောက် ဝယ်ယူလိုသော နိုင်ငံသားရတနာ ကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံစပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည် ဖြစ်ပါသည်။


၃။   ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို ဇွန်လ (၁၆) ရက်နေ့မှ (၂၅)ရက်နေ့ထိ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)တွင် ဖွင့်လှစ်ထားသော စီမံရေးရာလုပ်ငန်း ကော်မတီရုံးတွင် ပြပွဲတက်ရောက် ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ သတ္တုတွင်းဝန်ကြီးဌာန  Website  www.mining.gov.mm  နှင့် မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း Website  www.mge.gov.mm တွင် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များ မှတ်ပုံတင်ရာ၌ ဖြည့်သွင်းရမည့် ပုံစံများကို Download ရယူနိုင်ပါသည်။ On-line မှတစ်ဆင့် လျှောက်ထားလိုပါက Website  www.mge.gov.mm ၊ On-line Pre-Registration System တွင် မှတ်ပုံတင်၍ ပြပွဲတက် ရောက်ခွင့် ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။
၄။ ၂၀၁၄ ခုနှစ်၊ (၅၁)ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ တတ်ရောက် ဝယ်ယူခွင့်ကိစ္စများ နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက နေပြည်တော်တွင် ဖွင့်လှစ်ထားရှိသော စီမံရေးရာလုပ်ငန်း ကော်မတီရုံးတွင် ဆက်သွယ် စုံစမ်းနိုင်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ

နိုင်ငံခြားသားရတနာကုန်သည်ဝင်ခွင့်ပုံစံရယူရန်

ပြည်တွင်းရတနာကုန်သည်ဝင်ခွင့်ပုံစံရယူရန်