Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
သတင်းကြေညာချက်
၁၃၇၇ ခုနှစ်၊ ကဆုန်လဆန်း (၁၂)ရက်
၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၉)ရက်

၁။ သတ္တုတွင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီသည် ၂၀၁၅ ခုနှစ်၊ (၅၂)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမတွင် ၂၀၁၅ ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့မှ ဇူလိုင်လ(၆)ရက်နေ့အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။
၂။ မြန်မာ့ ကျောက်မျက် ရတနာပြပွဲတွင် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များက တင်ပြ ရောင်းချလိုသည့် ကျောက်စိမ်းတွဲ စာရင်းများကို ၂၀၁၅ ခုနှစ်၊ မေလ (၁)ရက်နေ့မှ (၁၀)ရက်နေ့အထိ စိစစ် ဆောင်ရွက်ပြီး ကျောက်မျက်နှင့် ကျောက်စိမ်း အတွဲများကို ၂၀၁၅ ခုနှစ်၊ မေလ(၁၈)ရက်နေ့မှ ဇွန်လ (၁၀) ရက်နေ့အထိ စစ်ဆေး လက်ခံခြင်း၊ အခြေခံ ရောင်းဈေး ညှိနှိုင်း သတ်မှတ်ခြင်း၊ ပြပွဲ ကျင်းပမည့် နေရာသို့ ပြောင်းရွှေ့ ခင်းကျင်းခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၃။ ကျောက်မျက် ရတနာပြပွဲသို့ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက် ရတနာများ တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ၊ သက်တမ်းရှိ ဂျီတီစီ (GTC) လိုင်စင် ရယူထားသူများနှင့် ကျောက်မျက် ရတနာကုမ္ပဏီ မှတ်ပုံတင် ရရှိပြီးသူများ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်း ရှင်အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရတနာပြပွဲသို့ တက်ရောက်ခွင့် ပြုမည်ဖြစ်ပြီး မြန်မာ့ ကျောက်မျက် ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့်လိုင်စင် ရယူထားသူများကို ဝယ် ယူခွင့်ပြုမည် ဖြစ်ပါသည်။
၄။ ကျောက်မျက် ရတနာပြပွဲသို့ တက်ရောက် ဝယ်ယူလိုသော နိုင်ငံသား ရတနာကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံစပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည် ဖြစ်ပါသည်။
၅။ ၂၀၁၅ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် မိုးကုတ်မြို့တို့ရှိ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်းရုံးများတွင် ဖွင့်လှစ်ထားသော စီမံရေးရာ လုပ်ငန်းကော်မတီ ရုံးခွဲများတွင် ပြည်တွင်း ရတနာကုန်သည်များကို ပြပွဲတက်ရောက် ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၆။ ၂၀၁၅ ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့မှစတင်၍ မြန်မာ့ ကျောက်မျက် ရတနာရောင်းဝယ်ရေး လုပ်ငန်းရုံး ချုပ် (နေပြည်တော်)တွင် ဖွင့်လှစ်ထားသော စီမံရေးရာ လုပ်ငန်းကော်မတီရုံးတွင် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များကို  ပြပွဲ တက်ရောက် ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၇။ ၂၀၁၅ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှ စတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည်  သတ္တုတွင်း ဝန်ကြီးဌာန  Website
www.mining.gov.mm နှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း Website  www.mge.gov.mm တွင် မှတ်ပုံတင်ရာ၌ ဖြည့်သွင်းရမည့် ပုံစံများကို Download ရယူနိုင်ပါ သည်။ On-line မှတစ်ဆင့် လျှောက်ထားလိုပါက www.mge.gov.mm, On-line Pre-Registration System တွင် ကြိုတင် မှတ်ပုံတင်၍ ပြပွဲ တက်ရောက်ခွင့် ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။
၈။ ၂၀၁၅ ခုနှစ်၊ (၅၂)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာ ပြပွဲနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း ရုံးချုပ်(နေပြည်တော်)၊ မြန်မာ့ကျောက်မျက် ရတနာပြတိုက် (ရန်ကုန်)၊ ကျောက်စိမ်း တူးဖော်ရေးဌာန(လုံးခင်း)၊ ကျောက်မျက် တူးဖော်ရေးဌာန (မန္တလေး၊ မိုးကုတ်၊ မိုင်းရှူး ) နှင့် မြစ်ကြီးနားမြို့၊ ခန္တီးမြို့၊ မိုးညှင်းမြို့များတွင် အခြေပြုသည့် ကျောက်စိမ်း တူးဖော်ရေးဌာန (စခန်းရုံး)များတွင် ဆက်သွယ် စုံစမ်းနိုင်ကြောင်း အသိပေး ကြေညာအပ်ပါသည်။


မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ


နိုင်ငံခြားသားရတနာကုန်သည်ဝင်ခွင့်ပုံစံရယူရန်

ပြည်တွင်းရတနာကုန်သည်ဝင်ခွင့်ပုံစံရယူရန်