Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
သတင်းကြေညာချက်
၁၃၇၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၄)ရက်
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ၂၀၁၆ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် နိုဝင်ဘာလ (၂၀)ရက်နေ့ မှ (၂၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

၂။ မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များက တင်ပြရောင်းချလိုသည့် ကျောက်စိမ်းအတွဲစာရင်းလျှောက်လွှာများကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့မှ အောက်တိုဘာလ (၆)ရက်နေ့ အတွင်း ကျောက်စိမ်းလုပ်ငန်းကော်မတီသို့ လာရောက် လျှောက်ထားရပါမည်။

၃။ ပြပွဲတွင် တင်ပြရောင်းချမည့် ကျောက်မျက်အတွဲများကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့မှ နိုဝင်ဘာလ(၄)ရက်နေ့ အထိလည်းကောင်း၊ ကျောက်စိမ်းအတွဲများကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်နေ့ မှ နိုဝင်ဘာလ (၄)ရက်နေ့အထိ လည်းကောင်း စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေးညှိနှိုင်း သတ်မှတ်ခြင်း၊ ပြပွဲကျင်းပမည့်နေရာသို့ ပြောင်းရွှေ့ ခင်းကျင်းခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၄။  ကျောက်မျက်ရတနာပြပွဲသို့ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာအချောထည်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ ကျောက်မျက်ရတနာ ကုမ္ပဏီမှတ်ပုံတင်ရရှိပြီးသူများ၊ မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းဝင် နိုင်ငံသားများကိုသတ်မှတ် ချက်များနှင့်အညီ ရတနာပြပွဲသို့တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရယူထားသူများကို ဝယ်ယူခွင့်ပြုမည် ဖြစ်ပါသည်။

၅။  ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်ဝယ်ယူလိုသော နိုင်ငံသားရတနာကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံ စပေါ်ငွေ နှင့် ဝင်ကြေးငွေများ ပေးသွင်းရမည်ဖြစ်ပါသည်။

၆။  ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ(၂၆)ရက်နေ့မှ နိုဝင်ဘာလ(၄)ရက်နေ့အထိ စီမံရေးရာလုပ်ငန်းကော်မတီရုံးခွဲများ ဖွင့်လှစ်ပြီး သက်ဆိုင်ရာမြို့နယ်များရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ပြည်တွင်း ရတနာကုန်သည်များကို ပြပွဲတက်ရောက် ဝယ်ယူခွင့်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၇။ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့မှ စတင်၍ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)တွင် ဖွင့်လှစ်ထားသော စီမံရေးရာလုပ်ငန်း ကော်မတီရုံးတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို  ပြပွဲတက်ရောက် ဝယ်ယူခွင့်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် ပေးမည်ဖြစ်ပါသည်။

၈။  ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ(၂၆)ရက်နေ့မှ စတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ ပြပွဲဝင်ခွင့်မှတ်ပုံတင်ခြင်း လုပ်ငန်းများ ပိုမိုအဆင်ပြေစေရေးအတွက် ပြပွဲဝင်ခွင့်ပုံစံများကို www.mining.gov.mm  နှင့်  www.mge. gov.mm တို့မှ တစ်ဆင့် Download ရယူ၍ ကြိုတင်ဖြည့်စွက်မှတ်ပုံတင်နိုင်ပါ သည်။ On-lineမှတစ်ဆင့် လျှောက်ထားလိုပါက မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း Website www.mge.gov.mm, On-line Pre-Registration System တွင် ကြိုတင်မှတ်ပုံတင်၍ ပြပွဲတက်ရောက်ခွင့်ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။

၉။  ၂၀၁၆ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာရောင်း ဝယ်ရေးလုပ်ငန်း ရုံးချုပ်(နေပြည်တော်)၊ မြန်မာ့ကျောက်မျက် ရတနာပြတိုက်(ရန်ကုန်)၊ ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)၊ ကျောက်မျက်တူးဖော်ရေးဌာန (မန္တလေး၊ မိုးကုတ်၊ မိုင်းရှူး) နှင့် မြစ်ကြီးနားမြို့၊ ခန္တီးမြို့၊ မိုးညှင်းမြို့များတွင် အခြေပြုသည့် ကျောက်စိမ်းတူးဖော်ရေးဌာန (စခန်းရုံး)များတွင် ဆက်သွယ် စုံစမ်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ

နိုင်ငံခြားသားရတနာကုန်သည် ဝင်ခွင့်ပုံစံရယူရန်

ပြည်တွင်းရတနာကုန်သည် ဝင်ခွင့်ပုံစံရယူရန်