Tel: 067409019 | Mail: messenger@e-mining.gov.mm



 

                                                  ပုလဲ၏အတိုင်းအတာစနစ်များ

 

၁။   သဘာဝပုလဲများမှာ   ရှေးနှစ်ပေါင်းများစွာကပင်   ပါရှားပင်လယ်ကွေ့၊   ပင်လယ်နီ၊    အိန္ဒိယ သမုဒ္ဒရာတို့တွင်  ပေါ်ပေါက်ခဲ့ရာ ပုလဲ၏အလေးချိန်ကို အနောက်တိုင်းနိုင်ငံတို့၏ ချိန်တွယ်မှုစနစ် ဖြစ်သော ဂရိန်(grain) ယူနစ်ဖြင့် စျေးကွက်တွင် ချိန်တွယ်ရောင်းချခဲ့ကြပါသည်။ (1 grain = 0.00143 pound = 0.0648 gram) သဘာဝပုလဲဖြစ်သောကြောင့် ပုံသဏ္ဍာန်ပုံမှန်မရှိသဖြင့် အလေးချိန်ယူနစ်တစ်ခုတည်းဖြင့်သာ  စျေးကွက်တွင် တိုင်းထွာခဲ့ကြခြင်းဖြစ်ပါသည်။ ရံဖန်ရံခါ ကြီးမားသော သဘာဝပုလဲကြီးများ ပေါ်ပေါက်ခဲ့လျှင်လည်း ၎င်းတို့၏ အတိုင်းအထွာကို ဗြိတိသျှ စနစ်ဖြစ်သော လက်မဖြင့်သာ ဖော်ပြလေ့ရှိပါသည်။

 

                                                                           

၂။ မွေးပုလဲကို ၁၈၉၈ ခုနှစ်တွင် ဂျပန်နိုင်ငံမှပထမဆုံးစတင်ဖော်ယူပြီးနောက် ပုလဲ၏အလေးချိန် ကို ဂျပန်လူမျိုးတို့၏ ရှေးဟောင်းအလေးချိန်ယူနစ်ဖြစ်သော မိုမီ(momme) ဖြင့် သတ်မှတ်ချိန်တွယ် ခဲ့ကြပါသည်။  ( 1 momme = 3.75 gram ) ပုလဲ၏ အရွယ်အစားကို တိုင်းထွာရာတွင် အချင်း (Diameter) ကို တိုင်းထွာဖော်ပြပြီး ယူနစ်ကို မက်ထရစ်စနစ်ဖြစ်သော မီလီမီတာဖြင့် ဖော်ပြကြပါသည်။ ပုလဲတစ်လုံး၏ အချင်းကိုတိုင်းရာတွင် ပုလဲ၏အသေးငယ်ဆုံးအပိုင်းကို တိုင်းထွာခြင်း ဖြစ်ပါသည်။

 

 

၃။ မွေးပုလဲအတွက် အသုံးပြုသောဝတ်ဆံလုံး၏အရွယ်အစားကို တိုင်းထွာရာတွင်လည်း ဂျပန်တို့၏ ရှေးဟောင်း အတိုင်းအတာယူနစ်ဖြစ်သော ဘူ(Bu)ဖြင့် ဖော်ပြလေ့ရှိပါသည်။(1 Bu = 3.03 millimeter) ဝတ်ဆံလုံးများ၏ အရွယ်အစားမှာ 1.3 Bu မှ 4.0 Bu အထိ အရွယ်အစားအမျိုးမျိုးရှိပါသည်။ တောင်ပင်လယ်ပုလဲထုတ်သော မုတ်ကောင်တစ်ကောင်အား ပထမဆုံးအကြိမ် ဝတ်ဆံသွင်းလျှင် 1.3 Bu (၄ မီလီမီတာ) မှ  2.2 Bu (၆.၆ မီလီမီတာ) အချင်းရှိသော ဝတ်ဆံလုံးများကို အသုံးပြုပါသည်။