Tel: 067409019 | Mail: messenger@e-mining.gov.mm



ပုလဲမွေးမြူရေးစခန်းရွေးချယ်ရာတွင်အခြေခံရမည့်အချက်များ

၁။       ပုလဲမွေးမြူရေးစခန်းရွေးချယ်ရာတွင် အခြေခံရမည့် အချက်မျာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)   လှိုင်းလေအကာကွယ်ရသည့် (Shelter)ဖြစ်ခြင်း

စခန်း၏ အနေအထားသည် မုတ်သုံရာသီတွင် အနောက်တောင်လေတိုက်ခတ်ခြင်း၊ ဆောင်းရာသီတွင် အရှေ့လေတိုက်ခတ်ခြင်းမှ အကာအကွယ် ရသည့် အနေအထားရှိခြင်း ဖြစ်ပါသည်။

(ခ)      ရေစီးရေလာကောင်းခြင်း

 စခန်းအတွင်းရှိ ရေပြင်ရေငြိမ်မဟုတ်ဘဲ သွက်လက်သောရေစီးကြောင်းရှိ ခြင်းဖြစ်ပါသည်။

(ဂ)     ရေချိုအများအပြားမထိုးသည့်ပင်လယ်ရေစစ်စစ်ဖြစ်ခြင်း

စခန်းအတွင်း ရေပြင်သို့တောင်ပေါ်မှ မလိစခန်းကဲ့သို့ ရေတံခွန်(သို့) ရေချိုစမ်းချောင်းများမှ ရေချိုစီးဝင်ခြင်းဖြစ်ပါသည်။ P.maxima မုတ်ကောင်သည် ရေငန်မျိုးစိပ် (Marie species) ဖြစ်၍ ရေငန်နှုန်းကောင်းသည့်ရေပြင်ကိုသာ နှစ်သက်ပါသည်။

(ဃ)   သင့်တင့်သော ပင်လယ်ရေ၏ အငန်နှုန်း(Salinity)နှင့် အပူချိန် (Temperature) ရှိခြင်း

စခန်း၏ ရေငန်နှုန်းမှာ ၂၈% နှင့် ၃၂% အတွင်းတည်ရှိခြင်းနှင့်(28̇ C-31̇C)သည် အတွင်းရှိခြင်း။

 

(င)    မုတ်ကောင်အတွက် အစာမျှောလှေး(Plankton)ပေါများခြင်း

Plankton net ပေါကြွယ်ဝမှုကို Plankton net ဖြင့်ဆွဲ၍လည်းကောင်း၊ ပင်လယ်ရေကိုခပ်၍ Microscope ဖြင့် ကြည့်ရှုခြင်းဖြင့် လည်းကောင်း ခန့်မှန်းနိုင်ပါသည်။

(စ) စခန်းနှင့်ပတ်ဝန်းကျင်ရေပြင်သည်  မုတ်ကောင်များရှင်သန်ပေါက်ဖွားနိုင်သော  နေရာ (Habitat)ဖြစ်ခြင်း။

(ဆ)   စခန်းရေအောက်ကြမ်းပြင်သည် သဲမာ(သို့)ကျောက်ဖြစ်ခြင်း

စခန်း၏ ရေအောက်ကြမ်းပြင်သည် သဲမာ(သို့) ကျောက်ဖြစ်ခြင်းဖြင့် Seabed တွင် ချမွေးမည့် မုတ်ကောင်များအတွက်ကောင်းပါသည်။ ယခုအခါ ပုလဲမွေးမြူရေး စခန်းများတွင်Long Line ဖြင့် မွေးမြူလာပြီဖြစ်ရာ ကြမ်းပြင်တွင် နုန်းရှိပါကလည်း မွေးမြူသော မုတ်ကောင်များကို မထိခိုက်နိုင်ပါ။

(ဇ)  စခန်း၏ရေပြင်အကျယ်အ၀န်းသည် အနည်းဆုံးမုတ်ကောင် (၃၀၀၀၀၀ မှ ၅၀၀၀၀)အထိ  မွေးမြူ နိုင်ခြင်း။

(စျ)    ရေချိုကိုတစ်နှစ်ပတ်လုံးရရှိခြင်း

(ည)    စခန်းအဆောက်အဦများတည်ဆောက်နိုင်ရန်မြေပြန့်ရှိခြင်း

(ဋ )    လူနေထူထပ်သည့်နေရာမဟုတ်ခြင်း

လူနေထူထပ်သည့် နေရာဖြစ်ပါက လုံခြုံရေးအတွက် စိတ်မချရ ခြင်း၊ လူတို့ကစွန့်ပစ်သော အညစ်အကြေးများ စခန်းရေပြင်သို့ကျရောက်ပြီး ရေထု ညစ်ညမ်းမှု ကြောင့် မုတ်ကောင်များ ကျန်းမာရေး ထိခိုက်နိုင်ခြင်းကြောင့်ဖြစ်ပါသည်။

(ဌ)     ရာသီမရွေးသယ်ယူပို့ဆောင်ဆက်သွယ်ရေးလွယ်ကူခြင်း။

ရာသီမရွေး သယ်ယူပို့ဆောင် ဆက်သွယ် ရေး လွယ်ကူမှသာ စခန်း၏ လိုအပ်ချက်များကို အချိန်မရွေး ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။

၂။   စခန်းများသို့ ကွင်းဆင်းလေ့လာရေးလုပ်ငန်းကို ပွင့်လင်း ရာသီ တွင်  တစ်ကြိမ်နှင့် မုတ်သုံရာသီ တွင်တစ်ကြိမ် ပြုလုပ်သင့်ပါသည်။မုတ်သုံရာသီတွင်ပါ ကွင်းဆင်းလေ့လာမှ ရာသီဥတု ဆိုးဝါးချိန်၌ သက်ဆိုင်ရာ စခန်းများ၌ တွေ့ရမည့်အခက်အခဲ အခြေအနေကို သိရမည် ဖြစ်ပါသည်။

၃။   အကြံပြုတင်ပြသည့် စခန်းများ၏ ရေအောက်ကြမ်းပြင် များတွင် သဲကျောက်မဟုတ်ဘဲ နုန်းရှိ သည့် ရေအောက်ကြမ်းပြင်များတွင် ပါဝင်နိုင်ပါသည်။ ယခုအချိန်တွင် မိမိဌာနနှင့် ဖက်စပ်ပုလဲမွေးမြူရေး စခန်းများတွင် ယခင်ကဲ့သို့ မုတ်ကောင်များကို ရေအောက်ကြမ်းပြင် ချမွေးစနစ်မဟုတ်ဘဲ Long Line များဖြင့်ချိတ်ဆွဲမွေးမြူနေပြီဖြစ်ရာ ကြမ်းပြင်တွင် နုန်းရှိခြင်းဖြင့် မွေးမြူသည့် မုတ်ကောင်များကို မထိခိုက်နိုင်၍ တခြားရှိသင့်သော အချက်အလက်များပြည့်စုံက စခန်းတစ်ခုအဖြစ်ရွေးချယ်နိုင်ပါသည်။

၄။   စခန်းသစ်ရှာဖွေလေ့လာရေးအဖွဲ့သည် ဖော်ပြပါ ကျွန်း စခန်း များကို လေ့လာရင်းပတ်ဝန်းကျင်တွင် တခြားသင့်တော်မည့် ကျွန်းစခန်းများကိုပါလေ့လာသင့်ပါသည်။

၅။   စခန်းများကို ရွေးချယ်ရာတွင် စခန်းအသစ် ရှာဖွေလေ့လာရေးအဖွဲ့ကတင်ပြသည့် သင့်တော်မည့် စခန်းအသီးသီးတွင် မုတ်ကောင်ငယ်(၃၀) ခန့်ကို တစ်နှစ်ပတ်လုံး မွေးမြူထားရှိ၍ ရှင်သန် ကြီးထွားမှုနှင့် အသေနှုန်းကို လေ့လာပြီးမှ အတည်ပြု ရွေးချယ်သင့်ပါသည်။