Tel: 067409019 | Mail: messenger@e-mining.gov.mm



သဘာဝပုလဲနှင့်မွေးပုလဲ

 

 

၁။  သဘာဝပုလဲဆိုသည်မှာ လူတို့၏ ပြုပြင်ဖန်တီးမှုမပါဘဲ ခရုကမာကောင်၏ ခန္ဓာကိုယ်အတွင်း တစ်နေရာတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ခရုကမာ ကောင်များသည်    ၎င်းတို့၏  အခွံအတွင်းရှိ အတွင်းခန္ဓာကိုယ်အား Mantle  ခေါ်အသားစလွှာ (The layer of tissue)များဖြင့်  ဖုံးအုပ်ထားပါသည်။ ထို Mantle မှ ထွက်ရှိသော ပုလဲသား (Nacre) များသည် အခွံ၏ အတွင်းမျက်နှာပြင်ကို ဖုံးအုပ်ရာမှ တောက်ပပြောင်လက်သော မျက်နှာပြင်များ ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ခရုကမာကောင်များသည် ရေကိုစုပ်ယူကာ  ရေထဲမှ  မျက်စိဖြင့်  မမြင်နိုင်သော အစာများကို စစ်ထုတ်စားသုံးကြရသော သတ္တဝါ မျိုးနွယ်ဖြစ်ပါသည်။ ထိုသို့ စုပ်ယူရာတွင် ရေထဲမှ မာကြောသော အရာဝတ္ထုငယ်တစ်ခုခု ပါသွားတတ် ပါသည်။ ထိုအရာဝတ္ထုနှင့်အတူ Mantle ခေါ်အသားစလွှာမှ အစိတ်အပိုင်းငယ်တစ်ခု ကပ်ပါသွား သောအခါ ခရုကမာကောင်၏ ခန္ဓာကိုယ်အတွင်း တစ်နေရာတွင်တွယ်ကပ်၍ ပုလဲအိတ်(Pearl Sac) ဖြစ်ပေါ်လာပါသည်။ ပုလဲအိတ်မှ ညှစ်ထုတ်သော ပုလဲသားအလွှာများဖြင့် အထပ်ထပ်ဖုံးအုပ်ရာမှ သဘာဝပုလဲ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။

 

 

၂။      သဘာဝပုလဲများသည်   ခရုကမာကောင်၏   ခန္ဓာကိုယ်အတွင်းတွင်    ဖြစ်ပေါ်တတ်သကဲ့သို့   ခရုကမာကောင်၏  အခွံတွင် ကပ်၍လည်း ဖြစ်ပေါ်တတ်ပါသည်။ ခရုကမာကောင်အား အခြားသော ရေသတ္တဝါတစ်မျိုးမျိုးမှ အခွံအား ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားသောအခါ ဖြစ်ပေါ်လာမည့် အပေါက်အား ပုလဲသားဖြင့် ပိတ်ဆို့ရန် အားထုတ်ရာမှ ခွံကပ်ပုလဲ (Blister Pearl)ခေါ် သဘာဝ ပုလဲမျိုးကို ဖြစ်ပေါ်စေပါသည်။ ၎င်းပုလဲမျိုးမှာ ခန္ဓာကိုယ်အတွင်းတွင် မဟုတ်ဘဲ အခွံတွင် ကပ်၍ ဖြစ်ပေါ်သဖြင့် အရွယ်အစားကြီးမားလေ့ရှိပါသည်။ ၂၀၀၁ ခုနှစ်၊ ဧပြီလတွင် ကော့သောင်းမြို့အနီး၌ ရရှိခဲ့သော အလျား(၆၂)မီလီမီတာ၊ အနံ(၅၀)မီလီမီတာ၊ အမြင့်(၃၁)မီလီမီတာနှင့် အလေးချိန် (၄၅.၀၆)မိုမီရှိသော ကမ္ဘာ့အကြီးဆုံး သဘာဝပုလဲကြီးမှာ ခွံကပ်ပုလဲအမျိုးအစားဖြစ်ပါသည်။

 

 

၃။      မွေးပုလဲဆိုသည်မှာ  သဘာဝပုလဲဖြစ်ပေါ်မှုဖြစ်စဉ်ကို  လူတို့က   ပြုပြင်ဖန်တီးထားခြင်းဖြစ်ပါ သည်။ ပုလဲသား၏ သိပ်သည်းခြင်းနှင့် တူညီသောဝတ်ဆံလုံး (Nucleus)ကို ဆက်သားစ (Mantle) နှင့်အတူ ခရုကမာကောင်၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးခြင်းဖြစ်ပါသည်။ ထိုသို့ထည့်သွင်း ရာတွင် ဝတ်ဆံလုံးအလွယ်တကူပြန်ထွက်မသွားစေရန်နှင့် လုံးဝန်းကြီးမားသော ပုလဲရရှိစေရန် အတွက် ခရုကမာကောင်၏ ခန္ဓာကိုယ်အား ခွဲစိတ်၍ သတ်မှတ်နေရာသို့ရောက်ရှိအောင် ကျွမ်းကျင် ပညာရှင်များမှ ဝတ်ဆံသွင်းရခြင်းဖြစ်သည်။ ဖေါ်ပြပါနည်းအတိုင်း လုံးဝန်းသောပုလဲ ရရှိရန်အတွက် ဝတ်ဆံသွင်း  မွေးမြူသကဲ့သို့  မဘဲ(Mabe Pearl) ခေါ် တစ်ခြမ်းပုလဲ(Half Pearl)များကိုလည်း မွေးမြူ ထုတ်လုပ် ကြပါသည်။ ဝတ်ဆံအခြမ်းများကို ခရုကမာကောင်၏ အခွံအတွင်း ပုလဲသား မျက်နှာပြင်တွင် ကော်ဖြင့်ကပ်၍ မွေးမြူခြင်းဖြင့် တစ်ခြမ်းပုလဲများကို ရရှိပါသည်။