Tel: 067409019 | Mail: messenger@e-mining.gov.mm


သတင်းစဉ်၊ နေပြည်တော် (၃.၇.၂၀၁၅)
သတ္တုတွင်းဝန်ကြီးဌာန ၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ပညာသင်စရိတ် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ သတ္တုတွင်းဝန်ကြီးဌာန သီရိရတနာခန်းမ၌ ၂၀၁၅ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ပါသည်။
အဆိုပါအခမ်းအနားသို့ သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်၊ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ထူးချွန်ကျောင်းသား/ကျောင်းသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် ဝန်ကြီးဌာနပညာရေး ကော်မတီဥက္ကဋ္ဌ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးမှ ပညာရေးဆိုင်ရာဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်လင်းတင်ပြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၁၄ ပညာသင်နှစ်တွင်(၆)ဘာသာ ဂုဏ်ထူးရှင် မြန်မာတစ်နိုင်ငံလုံး အဆင့်(၅)နှင့် တက္ကသိုလ်ဝင်တန်း လူရည်ချွန် ကျောင်းသား မောင်ထိန်လင်းဦးအား ဆုချီးမြှင့်ပေးအပ်ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးမှ (၅)ဘာသာဂုဏ်ထူးရ ကျောင်းသား (၃)ဦး၊ အမြဲတမ်း အတွင်းဝန်မှ (၄)ဘာသာဂုဏ်ထူးရ ကျောင်းသား (၅)ဦး၊ ဘူမိဗေဒလေ့လာရေးနှင့် ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ (၃)ဘာသာဂုဏ်ထူးရ ကျောင်းသား (၄)ဦးနှင့် ကျန်ထူးချွန် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ကြပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပါသည်။
အခမ်းအနားပြီးနောက် သတ္တုတွင်းဝန်ကြီးဌာန အမျိုးသမီးရေးရာအဖွဲ့နာယက ဒုတိယဝန်ကြီး၏ ဇနီး ဒေါ်မို့မို့နွယ်မှ လစာနည်းဝန်ထမ်းများ၏ သား/သမီး ကျောင်းသားကျောင်းသူ (၂၄၀)ဦးအတွက် ကျောင်းဝတ်စုံများ၊ စာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm