Tel: 067409019 | Mail: messenger@e-mining.gov.mm


သတင်းစဉ်၊ နေပြည်တော် (၂၅.၁.၂၀၁၅)
သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ် အတွင်းရှိ သတ္တုလုပ်ငန်းရှင်များ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမတွင် နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သတ္တုတွင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်အောင်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မင်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။
အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးကျင်ဖေ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ EITI ဖော်ဆောင်ရေး ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှတာဝန်ရှိသူများ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အတွင်းမှ သတ္တုလုပ်ငန်းရှင် များ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၂၅၃)ဦး တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်(၂)ဦးတို့မှ အဖွင့်အမှာ စကားပြောကြားရာ၌ “ယနေ့တွေ့ဆုံဆွေးနွေးပွဲသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အတွင်းမှာ ရှိသည့် သတ္တုလုပ်ငန်းရှင်များအား သတ္တုတွင်းဝန်ကြီးဌာန အပါအဝင် နိုင်ငံတော်၏ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်နေမှုများ၊ သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းရှင်များ၏ အခက်အခဲ၊ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရန် ဝိုင်းဝန်းစဉ်းစား အဖြေရှာပေးရန်ဖြစ်ကြောင်း” ဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ EITI ဖော်ဆောင်ရေးနှင့် ပတ်သက်၍ ဒုတိယဥက္ကဌ ဦးမင်းဇာနည်မှလည်းကောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက် အတွင်းရေးမှူး ဦးအေးလွင်မှ သတ္တုလုပ်ငန်းရှင် များအသင်း ဖွဲ့စည်းပုံအဆင့်ဆင့်ရှင်းလင်းခြင်းနှင့် သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သတ္တုလုပ်ငန်းရှင်များမှ သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်း၊ အခက်အခဲများတင်ပြဖြေရှင်းခြင်းများ ပြုလုပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့သည် အဖွဲ့ဝင်များ လိုက်ပါလျက် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ပငဆားကွင်းသို့ ရောက်ရှိပြီး ဆားတောင်သူ လုပ်ငန်းရှင်များ နှင့်တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm