Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၂ခုနှစ် မြန်မာကျပ်ငွေဖြင့် အဆင့်နိမ့် ကျောက်စိမ်းအသားကျောက် ရောင်းချပွဲနှင့် နိုင်ငံခြားငွေဖြင့် ကျောက်မျက်၊ ပုလဲရောင်းချပွဲ ပြပွဲဗဟိုကော်မတီ စည်းဝေး

နေပြည်တော် ဒီဇင်ဘာ ၅

   ယခုကျင်းပသည့် အစည်းအဝေးသည် ၂၀၁၂ခုနှစ် မြန်မာကျပ်ငွေဖြင့် အဆင့်နိမ့် ကျောက်စိမ်းအသားကျောက်ရောင်းချပွဲနှင့် နိုင်ငံခြားငွေဖြင့် ကျောက်မျက်၊ ပုလဲရောင်းချပွဲပြပွဲဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးပင်ဖြစ်ကြောင်း၊ မကြာမီကျင်းပတော့မည့် ပြပွဲတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ၊ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်းဖြင့် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၅ ရက်၊ မွန်းလွဲ ၁နာရီတွင် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသည့် အဆိုပါပြပွဲ ဗဟိုကော်မတီ ပထမ အကြိမ်အစည်းအဝေးတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က ပြောကြားသည်။

   ယင်းနောက် လုပ်ငန်းကော်မတီ ကော်မတီအလိုက် ပြပွဲကျင်းပရေးများမှ တာဝန်ရှိသူများက မိမိတို့အတွက် ကြိုတင်ဆောင်ရွက်ထားရှိမှု၊ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာသူများက အထွေထွေ ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးကြသည်။

   အဆိုပါ ၂၀၁၂ခုနှစ် မြန်မာကျပ်ငွေဖြင့် အဆင့်နိမ့် ကျောက်စိမ်းအသားကျောက် ရောင်းချပွဲနှင့် နိုင်ငံခြားငွေဖြင့် ကျောက်မျက်၊ ပုလဲရောင်းချပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

  ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ကျောက်စိမ်းရိုင်းများ တူးဖော်ထုတ်လုပ်ရာတွင် အရည်ကျောက်၊ အထည်ကျောက်၊ အဆင့်မြင့်အသားကျောက် (အေ၊ဘီ)များထွက်ရှိခြင်းထက် အသားကျောက် (စီ၊ဒီ) အဆင့်ရှိ ကျောက်စိမ်းများနှင့် ကျောက်စိမ်းမဟုတ်သော ကျောက်များ အများအပြားထွက်ရှိကြောင်း သိရသည်။

   ထိုသို့ထွက်ရှိသည့် ကျောက်စိမ်းအသားကျောက်များကို ပြည်တွင်းရှိ ကျောက်မျက်ရတနာအချောထည် ထုတ်လုပ်သူများအတွက် ကုန်ကြမ်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ မြန်မာကျပ်ငွေဖြင့် ရောင်းချပေးခြင်းဖြင့် တန်ဖိုးမြင့် အချောအထည်များ၊ လက်ဝတ်ရတနာများ၊ ရုပ်တုရုပ်တွင်း ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ပြပွဲများကို ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။