Tel: 067409019 | Mail: messenger@e-mining.gov.mm
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၁၅-၂၀၁၆ ပညာ သင်နှစ် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲနှင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲအား ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင် နေပြည်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉)၊ သိရီရတနာ ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသည် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အထက်တန်းစာမေးပွဲကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့ကြသည့် ဝန်ကြီးဌာနဝန်ထမ်းများ၏ သား သမီးများကို ချီးမြှင့်ဂုဏ်ပြုသည့်အပြင် မျိုးဆက်သစ်လူငယ်များကို စဉ်ဆက်မပြတ် မွေးထုတ် ပေးနိုင်ရန် ရည်ရွယ်၍ ပညာရေး ရင်းနှီးမြှုပ်နှံမှုတစ်ရပ်အဖြစ် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သွားမည့် အခမ်းအနားဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ရင်သွေး ကျောင်းသား/ကျောင်းသူ ဂုဏ်ထူးရှင်(၁၈)ဦးကို မွေးထုတ် ပေးနိုင်သည့်အတွက် ဝန်ကြီးဌာနအတွက်သာမက နိုင်ငံအတွက်ပါ ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း၊ ခြိုးခြိုးခြံခြံနှင့် မိမိတို့၏ သားသမီးရတနာများ ယခုကဲ့သို့ ထူးခွန်အောင်မြင်စွာ ပြုစုပျိုးထောင်ပေးနိုင်ခဲ့သည့် ဝန်ထမ်းမိဘများအတွက်လည်း များစွာ ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ နိုင်ငံတော်အနေနှင့် အခြေခံပညာ အရည်အသွေးမြင့်မားရေး၊ ဆရာအတတ်ပညာ အရည်အသွေးမြင့်မားရေးနှင့် စာသင်ကျောင်းများ တိုးချဲ့တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက်ကို ယခင်ကနှင့်မတူ ပညာရေးအသုံးစရိတ်ကို တိုးမြှင့် လျာထား အသုံးပြုဆောင်ရွက်နေပါကြောင်း၊ ပညာရေးကဏ္ဍသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အရေးကိစ္စတိုင်း၏ အခြေခံဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်ကို ဆက်ခံ ထိန်းသိမ်းမည့် ယနေ့လူငယ်များ ပညာရည် ထူးချွန်ထက်မြက်အောင် အစဉ်အမြဲ ကြိုးပမ်း အားထုတ် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၆)ဘာသာဂုဏ်ထူးရှင် မခင်ပန်းဝတ်ရည်ခိုင်အား ဆုချီးမြှင့်ပြီး ကျန်ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ပါသည်။ ပြီးနောက် ၂၀၁၆-၂၀၁၇ ပညာသစ်နှစ် ပညာသင်ထောက်ပံ့ကြေးများကို သက်ဆိုင်သူများသို့ တာဝန်ရှိသူများမှ ပေးအပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးဌာနရှိ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ၊ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ပြည်ထောင်စု ဝန်ကြီးနှင့် ဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူများ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm