Tel: 067409019 | Mail: messenger@e-mining.gov.mm



သတင်းစဉ် နေပြည်တော် (၃.၄.၂၀၁၈)

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၁၈ ဘဏ္ဍာနှစ် (ပထမအကြိမ်) လေးလပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို   ၂၀၁၈ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့ နံနက် (၀၈၀၀)နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၁၉)ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

အစည်းအဝေးသို့ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်များမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ သစ်တော တက္ကသိုလ်ပါမောက္ခချုပ်၊ ဌာနဆိုင်ရာအရာရှိကြီးများ တက်ရောက်ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးသို့ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်များမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများ စုံညီစွာတက်ရောက်ဆွေးနွေးမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းအဖြစ် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောဖွဲ့စည်းခြင်း၊ သဘာဝ သစ်တောနယ်မြေဖွဲ့စည်းခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်မှုများအတွက် အထူးကျေးဇူး တင်ရှိပါကြောင်း၊ ၂၄.၁၂.၂၀၁၅ ရက်နေ့တွင် ပြင်ဆင်ထုတ်ပြန်ခဲ့သည့် မြန်မာ့သတ္တုတွင်း ဥပဒေနှင့် လိုက်လျောညီထွေဖြစ်အောင် ရေးဆွဲခဲ့သော မြန်မာ့သတ္တုတွင်းနည်းဥပဒေသစ်ကို ၁၃.၂.၂၀၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ နည်းဥပဒေသစ်နှင့်အညီ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်က ဆောင်ရွက်ခွင့်ရှိသည့် ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ် လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့မှ စီမံဆောင်ရွက် ခွင့်ပြုပေး နိုင်တော့မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရက တာဝန်ယူဆောင်ရွက်ပေးရမည့် အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်များ အတွက် ခွင့်ပြုနိုင်မည့် လုပ်ကွက် ဧရိယာများကို ပြည်ထောင်စုဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ဘူမိဗေဒပညာရှင် အဖွဲ့များဖြင့် ကွင်းဆင်း ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် များရှိ ဝန်ကြီးဌာန လက်အောက်မှ ဝန်ထမ်းများ အကောင်းအဆိုးကို ဝိုင်းဝန်းတည့်မတ် ထိန်းကြောင်း ပေးစေလို ပါကြောင်း၊  မြန်မာ့သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အတွေ့အကြုံကောင်းများ ဖလှယ်ကာ အခက်အခဲများကို ညှိနှိုင်း ဆွေးနွေး အဖြေရှာကြရန် ဖြစ်ကြောင်းဖြင့် ပြောကြားပါသည်။

ထို့နောက်တက်ရောက်လာသည့် နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်များမှ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများက မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်အလိုက်လုပ်ကွက်ချထားနိုင်မည့် အခြေအနေများကို တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များက ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေး ကြကြောင်း သိရှိရသည်။