Tel: 067409019 | Mail: messenger@e-mining.gov.mm



 

 

သတင်းစဉ်၊ နေပြည်တော်(၁၆.၁၂.၂၀၁၄)

          Australia - Myanmar Chamber of Commerce နှင့် သတ္တုတွင်းဝန်ကြီးဌာနတို့သည် သတ္တုကဏ္ဍနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို နေပြည်တော် Royal ACE ဟိုတယ်၌ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့ နံနက် (၀၈:၃၀)နာရီ အချိန်တွင် ကျင်းပရာ သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်အောင် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။

          အခမ်းအနားသို့ သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်၊ သြစတြေးလျ နိုင်ငံ သံအမတ်ကြီး HE. Ms. Bronte Moules ၊ သြစတြေးလျနိုင်ငံ AFG Venture Group မှ Chairman ဖြစ်သူ Mr. Peter Chorch ၊ သြစတြေးလျနိုင်ငံ Kings Gate Co. မှ ဥက္ကဋ္ဌဖြစ်သူ Mr. Brendan Bially ၊ သြစတြေးလျနိုင်ငံ Locrian Resources မှ Chairman ဖြစ်သူ Mr. Stera Willianson ၊ သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထား သူများ၊ ဧည့်သည် တော်များ တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ " သတ္တုကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်စေရေးအတွက် အစစအရာရာ အကူအညီများပေးခဲ့သော သြစတြေးလျ-မြန်မာ ကုန်သည်လုပ်ငန်းရှင်များ အသင်းအား ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပွင့်လင်းမြင်သာမှုအပေါ် အခြေခံပြီး ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေးကို ကဏ္ဍပေါင်းစုံ ပြုပြင်ပြောင်းလဲရေးဖြင့် ဆောင်ရွက် နေပါကြောင်း၊ မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်လောင်း နိုင်ငံဖြစ်လာခဲ့ပြီး တင်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်ရန်လည်း ကြိုးစားနေပါကြောင်း၊ မြန်မာ့သတ္တုတွင်း' ဥပဒေအား AusAID နှင့် World Bank တို့၏ နည်းပညာအကူအညီနှင့် အတွေ့အကြုံရှိသည့် သတ္တုကဏ္ဍ ကျွမ်းကျင်သူများ၊ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၊ ပြည်သူများ၏ အကြံဉာဏ်များဖြင့် ပြင်ဆင်ဖြည့်စွက်၍ လွှတ်တော်သို့ တင်ပြထားပါကြောင်း၊ ထွက်ပေါ်လာမည့် မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် ယနေ့ဆွေးနွေးပွဲ ရလဒ်များအပေါ် အခြေခံ၍ မြန်မာ့သတ္တုတွင်း နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ ထုတ်ပြန်ရာတွင် ထည့်သွင်းပြဌာန်းသွားနိုင်ရေး၊ နိုင်ငံတကာသတ္တုကဏ္ဍ အလေ့အကျင့်များကျင့်သုံးခြင်း၊ အနည်းဆုံးသော ပတ်ဝန်းကျင်ထိခိုက်မှု၊ အကောင်းဆုံး ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကာကွယ်ရေး၊ မိုင်းလုပ်သားများ၊ လုပ်ငန်းရှင်များနှင့် အစိုးရတို့အကြား အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ CSR နှင့် ဒေသခံပြည်သူများ၏ အကျိုးဖြစ်ထွန်းရေး၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် ဒေသခံများအတွက် စီးပွားရေးနှင့် အခြားအကျိုးအမြတ်များရရှိရေးဆိုတဲ့ရည်ရွယ်ချက်ကို ဦးတည်ဆွေးနွေးကြမှာဖြစ်လို့ များစွာ ကျေနပ်အားရကြောင်း၊ ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံတော်အကြား Win - Win အခြေနေရောက်ရန် ထည့်သွင်းပြဌာန်းရေး စီစဉ်သွားမည်ဖြစ်ကြောင်း၊ သြစတြေးလျနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သတ္တုကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ပါစေကြောင်းဖြင့်"  ပြောကြားပါသည်။ ထို့နောက် သြစတြေးလျနိုင်ငံ၊ သံအမတ်ကြီး HE. Ms. Bronte Moules နှင့် AFG Venture Group မှ Mr. Peter Chorch က ဆွေးနွေးပွဲအစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အစီအစဉ်အတိုင်း ဆက်လက် ကျင်းပကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများသည် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။