Tel: 067409019 | Mail: messenger@e-mining.gov.mm
နေပြည်တော် ဒီဇင်ဘာ ၉ ရက်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၂ ခုနှစ်၊ မြန်မာကျပ်ငွေဖြင့် အဆင့်နိမ့် ကျောက်စိမ်း အသားကျောက် ရောင်းချပွဲနှင့် နိုင်ငံခြားငွေဖြင့် ကျောက်မျက်၊ ပုလဲရောင်းချပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။
အဆိုပါ ရောင်းချပွဲသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက၊ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်အောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ပြပွဲဗဟိုကော်မတီဝင်များ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားမှူးက ပြပွဲတွင် ခင်းကျင်းပြသရောင်းချမည့် ကျောက်စိမ်း ကျောက်မျက် အတွဲများနှင့် ရောင်းချမည့် ကြမ်းခင်းဈေးနှုန်း၊ အရေအတွက်နှင့် ရောင်းချမည့် စနစ်များ၊ ဆပ်ကော်မတီများ အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအပေါ် အသေးစိတ် ရှင်းလင်း ဖတ်ကြားတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အပေါ်ထပ်တွင် ခင်းကျင်း ပြသ ရောင်းချသည့်ကျောက်မျက်ရတနာများနှင့် လက်ဝတ်ရတနာများ ခင်းကျင်းထားရှိမှု အခြေအနေကို လှည့်လည် ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ ပရိဝုဏ်အတွင်း ရောင်းချရန်အတွက် ဧရိယာအလိုက် ခင်းကျင်းပြသထားရှိသည့် ကျောက်စိမ်းအတွဲများကို ကြည့်ရှု လေ့လာကြသည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် မြန်မာ့ ကျောက်မျက်ရတနာ ပြတိုက်သို့ ရောက်ရှိကြပြီး ပြတိုက် အောက်ထပ်ခန်းမအတွင်း တင်ဒါ စနစ်ဖြင့် ရောင်းချရန် ခင်းကျင်းပြသထားရှိသည့် ပုလဲအတွဲများကို လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm