သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၂/၂၀၂၅ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၀၉:၄၅ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားပါသည်။
အခမ်းအနားသို့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးတင်လတ်စိုးနှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၁၂ ဦး တက်ရောက်ကြပါသည်။
ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ အငယ်တန်းစာရေး ဒေါ်ဆွေဇင်အောင် က “လူတိုင်းကျန်းမာပျော်ရွှင်ဖို့ အလေ့အကျင့်ကောင်းတွေ လုပ်ကြစို့” ခေါင်းစဉ်ဖြင့် ဦးစွာ တင်ပြဆွေးနွေးပြီး ၎င်းဌာနခွဲမှ ဒုတိယ ဦးစီးမှူး ဒေါ်မြကေသွယ် က “လူတိုင်းကျန်းမာပျော်ရွှင်ဖို့ အလေ့အကျင့်ကောင်းတွေ လုပ်ကြစို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြမှုအပေါ် ထောက်ခံဆွေးနွေးတင်ပြပါသည်။ ထို့နောက် အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးစိုးနိုင်နှင့် ပြည်တွင်း/ ပြည်ပ ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စန်းဝင်း တို့က ကျန်းမာရေးနှင့်ပတ်သက်၍ နေထိုင်စားသောက်မှု ပုံစံများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ အခါ အားလျော်စွာထုတ်ပြန်သော ကျန်းမာရေးဆိုင်ရာ အမိန့်/ညွှန်ကြားချက်များနှင့် ပတ်သက်၍ ဖြည့်စွက် ဆွေးနွေးပြောကြားကြပါသည်။
ပြီးနောက် မူဝါဒနှင့် ဥပဒေ လုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေဖြိုးမောင် က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ပို့ချခဲ့သည့် Ai-Powered Personal Growth သင်တန်း အမှတ်စဉ် (0001-2025)၌ လေ့လာ သိရှိခဲ့ရသည့် Artificial Intelligence “ဉာဏ်ရည်တု” ပေါ်ပေါက်လာပုံနှင့် အသုံးပြုပုံ နည်းလမ်း များကို ထပ်ဆင့်ဝေမျှဆွေးနွေးတင်ပြခဲ့ပါသည်။
၎င်းနောက် အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ လက်ထောက် အတွင်းဝန် ဦးစိုးနိုင်၊ မူဝါဒနှင့် ဥပဒေ လုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးမျိုးမြင့်သိန်း၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးမြတ်သူ၊ ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးဇော်အောင်တို့က မိမိတို့ တာဝန်ယူ ဆောင်ရွက်နေသော ဌာနခွဲများအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ထို့နောက် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးတင်လတ်စိုး က ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို တက်ရောက်လာကြသည့် အရာထမ်း/အမှုထမ်းများအနေဖြင့် မိမိတို့ တာဝန်ယူဆောင်ရွက်နေရသည့် လုပ်ငန်းခွင်အခက်အခဲ၊ မိသားစုအခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုပါကြောင်း၊ Artificial Intelligence (Ai) နှင့် ပတ်သက်၍ ကောင်းကျိုးများရှိသလို မိမိတို့သိလိုသည့် အချက် အလက်များကို အနီးစပ်ဆုံးကိုယ်တိုင်ရှာဖွေပြီးမှ (Ai) ဖြေဆိုချက်များ မှန်/မမှန် ချိန်ထိုးဆောင်ရွက် နိုင်မှာ ဖြစ်ပါကြောင်း၊ အရာထမ်း/အမှုထမ်းများအနေဖြင့် အမြဲမပြတ် ပိုမိုသင်ယူလေ့လာနေကြရမှာ ဖြစ်ကြောင်း၊ သို့မှသာ အရည်အချင်းပြည့်ဝသော အရာထမ်း/အမှုထမ်းကောင်းများ ဖြစ်လာမည် ဖြစ်ပါကြောင်း တင်ပြဆွေးနွေးပါသည်။ ပြီးနောက် ဒုတိယဝန်ကြီး က ဝန်ထမ်းများ၊ လက်ထောက် အတွင်းဝန်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန် တို့၏ တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်ချက် များအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကာ အခမ်းအနားကို ၁၂:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။












