ယနေ့နံနက်ပိုင်းတွင် ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့အခမ်းအနားကို ရုံးအမှတ်(၃၉)၊ သစ်တောဦးစီး ဌာနညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆန်းဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာ သောင်းနိုင်ဦး၊ ဦးခင်လတ်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့်အတူ မျှစ်နှင့်ဝါး လက်မှု လုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက် သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝါးသယံဇာတသည် စီးပွားရေးအရ အကျိုးများစွာ ပေးသည်ကို လူအများသိရှိနိုင်ရန်၊ ဝါးကို အခြေခံသည့် စက်မှု၊ လက်မှုလုပ်ငန်းများကို မြှင့်တင်ပေးရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဝါးကို ရေရှည်တည်တံ့အောင် စနစ်တကျအသုံးပြု နိုင်ရန်နှင့် ပြည်သူများအကြား နိုးကြားသည့် အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့ကို ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့အဖြစ် ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့၏ ဆောင်ပုဒ်မှာ “ဝါးကဏ္ဍ ဘက်စုံမြှင့်တင်ဖို့ နယ်ပယ်သစ်များ ချဲ့ထွင်စို့” “Bamboo Beyond Borders” ဖြစ်ပြီး မိရိုးဖလာ၊ ရိုးရာ အသုံးအဆောင်များမှ ခေတ်မီ၍ အရည်အသွေး၊ စံချိန်စံညွှန်းများ တိုးတက်အောင် ပြုလုပ်ပြီး နိုင်ငံတကာဈေးကွက်ဝင် တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ်ဖော်ဆောင်ခြင်း၊ သစ်တောထွက်ပစ္စည်း တစ်မျိုးအဖြစ်သာမက အစိမ်းရောင် စီးပွားရေး (Green Economy)၊ ပတ်လည်စီးပွားရေး (Circular Economy)၊ ဇီဝစီးပွားရေး (Bioeconomy)၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတို့နှင့် ချိတ်ဆက်အသုံးချခြင်း၊ ဆန်းသစ် တီထွင်ပြီး ဝါးကိုအသုံးချနိုင်မည့် နယ်ပယ်သစ်များ ဖော်ထုတ်ခြင်းဟု အဓိပ္ပါယ်ရပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံသည် ဝါးပျံ့နှံ့ပေါက်ရောက်သော ဧရိယာအများဆုံးနိုင်ငံများအနက် တတိယအဆင့်ရှိပါကြောင်း၊ ဝါးထုတ်လုပ်မှုမှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်ဖြစ်သော ဆင်းရဲနွမ်းပါမှုပပျောက်ရေး၊ စားရေရိက္ခာဖူလုံရေးကို အထောက်အကူပြုသည့် အပြင် ဝါးသည် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်စေသည့် သဘာဝအရင်းအမြစ် ဖြစ်ပြီး သစ်တောများ ပြန်လည်ထူထောင်ရေးနှင့် ရေဝေရေလဲ ထိန်းသိမ်းရေးလုပ်များတွင် အထောက်အကူ ပြုပါကြောင်း၊ သုတေသနတွေ့ရှိချက်များအရ ဝါးသည် အခြား သစ်ပင်များထက် အောက်ဆီဂျင်ကို ၃၅ ရာခိုင်နှုန်း ပိုမိုထုတ်လွှတ်ပေးပါကြောင်း၊ ဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဝါးထုတ်ယူရာတွင် သဘာဝတောများမှ ထာဝစဉ်တည်တံ့စေသော စီမံအုပ်ချုပ်မှုနည်း စနစ်များကို အခြေခံပြီးဆောင်ရွက်ရန်၊ အရည်အသွေးကောင်းသည့် ဝါးမျိုးစိတ်များဖြင့် ဝါးစိုက်ခင်း များ စနစ်တကျ တည်ထောင်စိုက်ပျိုးသွားရန်၊ ဝါးကို အခြေခံသည့် MSME လုပ်ငန်းများကို မြှင့်တင် သွားရန်၊ သုတေသန၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများပေါင်းစပ်ပြီး အဆင့်မြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရန်၊ ဝါးစိုက်ပျိုးသူများနှင့် ဒေသခံပြည်သူများအား နည်းပညာနှင့် ဈေးကွက် ချိတ်ဆက်ပေးသွားရန်မှာကြားသည်။
ထို့နောက် ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့အခမ်းအနား Video Clip ကိုကြည့်ရှုပြီး လက်တွေ့ ဝါးလက်မှုပစ္စည်းများ ပြုလုပ်နေမှုနှင့် ဝါးလက်မှုနှင့် မျှစ်အခြေခံ ထုတ်ကုန်များအား လှည့်လည် ကြည့်ရှုသည်။
အခမ်းအနားဒုတိယအပိုင်း အစီအစဉ်အဖြစ် ဝါးသယံဇာတအရင်းအမြစ်များ ရေရှည် ထုတ်လုပ်အသုံးချနိုင်ရေး အထောက်အကူပြုစီမံချက်၊ ဝါးအခြေခံစက်မှု/လက်မှုထုတ်ကုန် ပစ္စည်းများ ဖွံ့ဖြိုးရေး၊ မျှစ်အခြေခံထုတ်ကုန် ပစ္စည်းများ ဖွံ့ဖြိုးရေးနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်မြှင့်တင်ရေး တို့ကို တက်ရောက် လာသည့် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များမှ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။