သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၃၉)၊ သစ်တောဦးစီး ဌာနရုံးချုပ်၊ အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာသောင်းနိုင်ဦး၊ ဦးခင်လတ်ကြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ဦးတိုးရီ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ CPU အဖွဲ့ဝင်များ နှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
ဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှု ဆိုးကျိုးများ သိရှိနားလည် စေရန်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ရိုးသားဖြောင့်မတ်စွာ တာဝန် ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများအပေါ် ထိခိုက်စေနိုင်သည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာမှာ ဖြောင့်မတ် တည်ကြည်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိ၍ ကျောသား၊ ရင်သား မခွဲခြားဘဲ မျှတစွာ ဆောင်ရွက်သွားကြရန်နှင့် အဂတိ လိုက်စားမှု ပေါ်ပေါက်မှ စုံစမ်းအရေးယူခြင်းထက် မဖြစ်မီကတည်းက ကြိုတင်တားဆီး ကာကွယ် ရမှာ ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး အဂတိလိုက်စားမှု ပပျောက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု ကင်းရှင်းသော လုပ်ငန်းခွင် ယဉ်ကျေးမှု (Zero Tolerance Culture) တစ်ရပ် ပေါ်ပေါက်လာစေရေး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိ လိုက်စားမှု ဆိုသည်မှာ လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမိုကျယ်ပြန့်ပါကြောင်း၊ အဂတိလိုက်စားခြင်းသည် ပင်ကိုယ် သဘောသဘာဝအရ အကျင့်စာရိတ္တ ပျက်ပြားခြင်းဖြစ်သည့်အပြင် လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း၊ မလျော်ဩဇာသုံးခြင်း၊ ဆရာမွေး၊ တပည့်မွေးခြင်း၊ အပေါင်းအဖော်ကောင်း စားရေးအတွက် ဘက်လိုက်ခြင်းနှင့် ဆွေမျိုးကောင်းစားရေးဝါဒ ကျင့်သုံးခြင်းများအထိ ပါဝင် ပါကြောင်း၊ ကော်မရှင်၏ မဟာဗျူဟာစီမံချက် (၂၀၂၆-၂၀၃၀) လုပ်ငန်းအစီအစဉ်အရ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊ တားဆီးကာကွယ်ရေးနှင့် အသိပညာပေးရေး အစီအစဉ်များကို တစ်နိုင်ငံ လုံးပြန့်နှံ့စေရန် တိုးမြှင့်ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသာမက စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူလူထု တစ်ရပ်လုံး ပိုမိုနားလည် သဘောပေါက်စေရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို သတင်းမီဒီယာများမှ အသံ၊ အရုပ်ပုံစံအမျိုးမျိုးတို့ဖြင့် ရှင်းလင်းဖော်ပြ ခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေစာအုပ်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးသော်သော်နိုင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့် ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ ခေါင်းဆောင်၍ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU)များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက် ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက် များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။