The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

October 15, 2026

(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲ ၄၁၂ တွဲ ရောင်းချနိုင်ခဲ့

ဝန်ကြီးဌာနသတင်းများ သတင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း

၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း ပြည်ပ ရတနာ ကုန်သည်များဖြင့် အထူးစည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်းရတနာကုန်သည်များသည် MSME လုပ်ငန်းရှင်များကို အားပေး မြှင့်တင်ရန်အတွက် ခင်းကျင်းပြသထားသည့် အုပ်စု (စီ)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုစစ်ဆေးကြသည်။

ယနေ့ပြပွဲတွင် အုပ်စု (အေ) နှင့် အုပ်စု (ဘီ) မှ ကျောက်စိမ်းအတွဲများအနက် အတွဲအမှတ် (၁၁၀၁) မှ (၁၆၀၅) အထိ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက စစ်ဆေးကာ ကျောက်စိမ်းအတွဲပေါင်း ၄၁၂ တွဲ ရောင်းချခဲ့ရကြောင်း ကြေညာပေးသည်။

ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ကျောက်ခင်းကွင်းနယ်မြေအလိုက် ကျောက်စိမ်းအတွဲများ ခင်းကျင်း ပြသထားရှိမှု၊ ပြည်တွင်းရတနာကုန်သည်များက အုပ်စု (စီ)မှ ကျောက်စိမ်းအတွဲများအတွက် ဈေးနှုန်း ပေးသွင်းလွှာများအား တင်ဒါပုံးများအတွင်း ထည့်သွင်းနေမှုနှင့် တင်ဒါအောင်မြင်သည့် ကျောက်စိမ်းအတွဲများ အောင်စာရင်းထုတ်ပြန်ကြေညာနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ပြပွဲနဝမနေ့တွင် အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲများအနက် အတွဲအမှတ် (၁၆၀၆) မှ (၂၃၅၅) အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါကျောက်စိမ်းအတွဲများအတွက် ရောင်းချ ရသည့်အတွဲများကိုလည်း ကြေညာပေးသွားမည်ဖြစ်ကာ ၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို အောက်တိုဘာ ၁၇ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲများကို အောင်မြင်စွာကျင်းပနိုင်ရေး နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် အကျိုးစီးပွားဖြစ်ထွန်းစေရန် ကြိုးစားဆောင်ရွက်လျက်ရှိသကဲ့သို့ အဖိုးတန်ကျောက်မျက်သယံဇာတများကို ရေရှည်တည်တံ့စေမှုနှင့် မြန်မာ့ရေ၊ မြေအလှတရားများကို ထာဝစဉ်တည်တံ့စေရန် သယံဇာတစီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။