သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၅-၉-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာအုပ်စုရှိ ရွှေတောင်သတ္တုတူးဖော် ထုတ်လုပ်ရေးကုမ္ပဏီလီမိတက်၏ အပါချီ ဘိလပ်မြေစက်ရုံသို့ ရောက်ရှိရာ စက်ရုံရှင်းလင်းဆောင်တွင် စက်ရုံမှူးနှင့် တာဝန်ရှိသူများက ဘိလပ်မြေထုတ်လုပ်ရန် လိုအပ်သော ထုံးကျောက်၊ ရွှံ့စေး၊ မြေနီနှင့် ကျောက်မီးသွေး ထုတ်လုပ်နေမှု အခြေအနေများ၊ ကုန်ကြမ်းစဉ်ဆက်မပြတ် ရရှိရေး စီမံဆောင်ရွက် ထားရှိမှုများနှင့် လိုအပ်ချက်များ၊ ဘိလပ်မြေ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြပြီး အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဘူမိဗေဒလေ့လာ ရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ ကြရာ ဒုတိယဝန်ကြီးက သိရှိလိုသည်များအား မေးမြန်းပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာအုပ်စု၊ သပြေတောင် ထုံးကျောက်လုပ်ကွက်တွင် ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဘိလပ်မြေ စက်ရုံအတွင်း ဘိလပ်မြေထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။
ပြီးနောက် ဒုတိယဝန်ကြီးသည် သာစည်မြို့သို့ ရောက်ရှိပြီး နိုင်ငံပိုင် ကျောက်အမှုန့်ကြိတ် စက်ရုံ ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့် စက်ရုံအခြေအနေ များအား ကြည့်ရှုခဲ့ပါသည်။ ၎င်းနောက် သာစည်ရုံးခွဲရှိ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်ချက်များ မေးမြန်းပြီး ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။