သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင် ကြိုးဝိုင်း၊ မြတ်မင်္ဂလာလမ်းဘေး၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွန်ကြား ရေးမှူးများ၊ ပါမောက္ခချုပ်တို့နှင့်အတူ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များ တက်ရောက် ကြသည်။
ဦးစွာပြည်ထောင်စုဝန်ကြီးက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပရေး၊ ဂေဟစနစ် ကောင်းမွန်မျှတစေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေးနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ပြည်သူများအကြား သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ နိုးကြားလာစေရန်အတွက် သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်ပြီး စဉ်ဆက်မပြတ် နှစ်စဉ်စိုက်ပျိုးပြုစု ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ “နိုင်ငံတော် သာယာဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသော မူဝါဒရည်မှန်းချက်အတိုင်း သဘာဝသယံဇာတ များ၊ သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ သစ်ပင်သစ်တောများ ပြန်လည်စိုက်ပျိုး တည်ထောင်နိုင်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အနာဂတ်မျိုးဆက်များအတွက် ကောင်းမွန်တည်ငြိမ်သော ပတ်ဝန်းကျင်ကောင်းများရရှိရန်အတွက် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒအတိုင်း နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်း ရရှိစေရန် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကံ့ကော်ပင်အား ဦးဆောင် စိုက်ပျိုးပေးပြီး ဆက်လက်၍ တက်ရောက်လာသူများမှ သတ်မှတ်နေရာများတွင် သစ်မျိုး (၁၀)မျိုး၊ အပင်ပေါင်း (၁၅၀၀)ပင် စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။