The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

October 21, 2022

၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပ

ဝန်ကြီးဌာနသတင်းများ သတင်း
HNN6254-2048x1582

၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက် အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်း အရိုင်းတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၀၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။

ထို့နောက် ပြပွဲတွင် ရောင်းချသည့် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၀၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါအမှတ် (၁) ကို မွန်းလွဲ ၁ နာရီနှင့် တင်ဒါအမှတ် (၂) ကို ညနေ ၅ နာရီတွင် ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း (၁၈၉) တွဲ ရောင်းချရကြောင်း ကြေညာသည်။

ပြပွဲတတိယနေ့တွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ ကျန်ရှိသည့် ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲအမှတ် ၄၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ ကျောက်မျက်နှင့်လက်ဝတ်ရတနာ သက်မွေးမှု နည်းပညာသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများက မဏိရတနာ ကျောက်စိမ်း ခန်းမအတွင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များနှင့် ခန်းမအပြင်ဘက်ရှိ သတ်မှတ်နယ်မြေ အလိုက်ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကို လာရောက်လေ့လာကြည့်ရှုကြရာ ပြပွဲတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြကြသည်။

ယခုကျင်းပပြုလုပ်သည့် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ၂၅ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲ ၄၀၀ ၊ ကျောက်မျက်အတွဲ ၁၂၀ နှင့် ကျောက်စိမ်းအတွဲ ၂၁၅၀ တို့ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ရောင်းချပေးသွားမည်ဖြစ်သည်။

HNN6258-768x482 DSC_2650-768x410 KAT_7843-1536x1102