The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

April 29, 2022

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး ပုလဲအတွဲ ၃၃၀ ကျောက်မျက်အတွဲ ၅၄ တွဲ နှင့် ကျောက်စိမ်းအတွဲ ၁၃၃၅ တွဲ ရောင်းချနိုင်ခဲ့

ဝန်ကြီးဌာနသတင်းများ သတင်း
1-8-2048x1365

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး၊ ကုသရေး၊ အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ရာ ယနေ့ မွန်းလွဲပိုင်း တွင် ကျင်းပပြီးစီးခဲ့ပြီး ပြပွဲကာလအတွင်း ပုလဲအတွဲ ၃၃၀ ကျောက်မျက်အတွဲ ၅၄ တွဲ နှင့်ကျောက်စိမ်းအတွဲ ၁၃၃၅ တွဲ ရောင်းချနိုင်ခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီထံမှ သိရသည်။

          ပြပွဲများအဖြစ်  ဧပြီလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် ပုလဲအတွဲ ၃၃၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ တင်ပြသည့် ပုလဲအတွဲအားလုံး ရောင်းချရသဖြင့် ရာခိုင်နှုန်းပြည့် ရောင်းချခဲ့ရသည်။ အလားတူ ဧပြီလ ၂၅ ရက်နေ့တွင် ကျောက်မျက် အတွဲ ၁၂၀ အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်မျက်အတွဲ ၅၄ တွဲ ရောင်းချရသဖြင့် ရောင်းချရမှုအနေဖြင့် ၄၈ ရာခိုင်နှုန်း ရောင်းချရကြောင်း သိရသည်။ ထို့အတူ ကျောက်စိမ်းအတွဲ ၂၀၀၀ အား ဧပြီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၁၃၃၅ ရောင်းချရသဖြင့် ရောင်းချမှုအနေဖြင့် ၆၆ ဒသမ ၇၅ ရာခိုင်နှုန်း ရောင်းချရကြောင်း သိရသည်။

          ပြပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရတနာကုန်သည် ၁၁၈ ဦး၊ အိန္ဒိယနိုင်ငံမှ ရတနာကုန်သည် ၂ ဦး၊ ကိုရီးယားနိုင်ငံမှ ရတနာကုန်သည် ၁ ဦး၊ သြစတြေးလျနိုင်ငံမှ ရတနာကုန်သည် ၁ ဦး အပါအဝင် ပြည်ပရတနာကုန်သည် ၁၂၂ ဦး၊ ပြည်တွင်း ရတနာကုန်သည် ၁၄၂၄ ဦး စုစုပေါင်း ရတနာကုန်သည် ၁၅၄၆ ဦးတို့ တက်ရောက်ခဲ့ ကြောင်း သိရသည်။

          ယခုပြပွဲတွင် ကျောက်မျက်၊ ကျောက်စိမ်းအတွဲများ ဝယ်ယူခဲ့သည့် ပြည်တွင်း/ ပြည်ပရတနာကုန်သည်များအနေဖြင့် မိမိတို့ ဝယ်ယူခွင့်ရရှိသော ကျောက်အတွဲများ အတွက် တန်ဖိုးငွေများကို အရောင်းအဝယ်စာချုပ်တွင် သတ်မှတ်ထားသော ရက်ပေါင်း ၆၀ အတွင်း ပေးသွင်းရမည်ဖြစ်သောကြောင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်မှ ဇွန်လ ၂၇ ရက် အတွင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

          ယခုကဲ့သို့ ပြပွဲများကျင်းပကာ မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ရောင်းချ ခြင်းဖြင့် ကျောက်မျက်ရတနာရောင်းဝယ်သူများအတွက် ငွေကြေးလည်ပတ်မှုရှိခြင်း၊ ကျောက်မျက်/ ကျောက်စိမ်းရတနာ အချောထည်လုပ်ငန်း လုပ်ကိုင်သူများအတွက် ကုန်ကြမ်းများ ရရှိခြင်းနှင့် ကျောက်မျက်/ ကျောက်စိမ်းကဏ္ဍမှ လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဖြစ်သည့်အပြင် နိုင်ငံတော်အတွက် နိုင်ငံခြားငွေရရှိခြင်း၊ အခြားအခွန်အခများလည်း ရရှိမည်ဖြစ်သောကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် ပြပွဲဖြစ်ပါကြောင်း သိရှိရပါသည်။

2-6-1532x2048 3-10-1536x1024 5-9-1536x962 6-8-1536x1024 7-8-1536x1137 8-8-1536x1024 9-6-1536x1024 10-5-1536x1024