The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

August 21, 2026

အမျိုးသားမြေအသုံးချမှုကောင်စီ ပထမအကြိမ်အစည်းအဝေးကျင်းပ

ဝန်ကြီးဌာနသတင်းများ သတင်း

အမျိုးသားမြေအသုံးချမှုကောင်စီ ပထမအကြိမ်အစည်းအဝေးကို ၂၁-၈-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန ရုံးအမှတ်(၃၉) အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသား မြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက မြေသယံဇာတကို စနစ်တကျ၊ မျှတစွာနှင့် ရေရှည် တည်တံ့စွာ စီမံခန့်ခွဲအသုံးချရန်အခြေအနေများ၊ ထိရောက်သောမြေစီမံခန့်ခွဲမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် အလွန်အရေးကြီးပြီး ခေတ်နှင့်လျော်ညီကာ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များအကြား ထိန်းညှိပေးနိုင်သည့် အမျိုးသားမြေဥပဒေတစ်ရပ်ရေးဆွဲအတည်ပြုရန် အခြေအနေများ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သော အမျိုးသားမြေအသုံးချမှုမူဝါဒကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် ကဏ္ဍအလိုက်မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ၏ ကွဲလွဲမှုများကိုထိန်းညှိရန် အတွက် အမျိုးသားမြေဥပဒေအား Umbrella Law အဖြစ် ပြဋ္ဌာန်းရန် အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ နေပြည်တော်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်မြေအသုံးချမှု ကော်မတီများ ပြန်လည်ဖွဲ့စည်းရေး၊ မြေအသုံးချမှုဆိုင်ရာ သတင်းအချက် အလက်များ၊ မြေပုံများ၊ မှတ်တမ်းများစုစည်းခြင်း၊ အမျိုးသားမြေအသုံးချမှုစီမံကိန်းနှင့် မြေအသုံးချမှုဇုန်များရေးဆွဲဆောင်ရွက် ရာတွင် အထောက်အကူပြုလုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရန်ကိစ္စရပ်များ၊ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုနှင့် ထုတ်လုပ်မှုတိုးတက်ရေးနှင့် ဈေးကွက်ချိတ်ဆက်ရေးတို့ ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးမှာကြားပြီး လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ရေတိုရေရှည်မဟာဗျူဟာများ၊ နည်းဗျူဟာများ၊ လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်၊ အမျိုးသားမြေဥပဒေရေးဆွဲထုတ်ပြန်နိုင်ရန်နှင့် ကောင်းမွန်သည့် မြေသယံဇာတ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာနိုင်ရန်တို့အတွက် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးကို ရှေးရှု၍ အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ကောင်စီ၏လုပ်ငန်းတာဝန်များနှင့် အမျိုးသားမြေအသုံးချမှုဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက် ထားရှိမှုကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အမျိုးသားမြေအသုံးချမှုဆိုင်ရာ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ဒုတိယသမ္မတက ပြန်လည်သုံးသပ်ဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။

21082026 (2) 21082026 (1) 21082026 (3)