သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပ ပြုလုပ် သော မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေး (ပထမအကြိမ်)သို့ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပသည့် အစည်းအဝေးသည် (၆၁)ကြိမ် မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မန္တလေးငလျင် ဒဏ်ကြောင့် ပျက်စီးခဲ့သော မဏိရတနာကျောက်စိမ်းခန်းမ ပြုပြင်တည်ဆောက်မှုနှင့် ကျောက်မျက် ရတနာ ပြတိုက် (နေပြည်တော်)အား အကြီးစားပြုပြင်တည်ဆောက်မှုတို့အား အချိန်မီ ပြီးစီးနိုင်ရေး အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ တိုးတက်စေရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံသား လုပ်ငန်းရှင်များ ငွေကြေးလည်ပတ်မှု ကောင်း စေရေး၊ နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရေးအတွက် (၆၁)ကြိမ် မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို ကျင်းပပြုလုပ်ရန် လျာထား ဆောင်ရွက်လျက် ရှိပါ ကြောင်းပြောကြားသည်။
ဆက်လက်၍ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဝင်များမှ လုပ်ငန်းကော်မတီများ အလိုက် ရှင်းလင်းတင်ပြကြပြီး မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော မဏိရတနာ ကျောက်စိမ်း ခန်းမ ပြုပြင်တည်ဆောက်မှုနှင့် ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)အား အကြီးစားပြုပြင် တည်ဆောက်မှု အခြေအနေတို့အား မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိ သူတို့က ရှင်းလင်း တင်ပြသည်။
ထို့နောက် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။