သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်း အနားပြုလုပ်

သတင်းစဉ်

နေပြည်တော် (၅.၇.၂၀၂၁)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့ နံနက် (၀၉:၃၀) နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်(၁၉)ရှိ သီရိရတနာခန်းမ၌ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက “တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် ပညာတတ်လူသားအရင်းမြစ်များ လိုအပ်မည်ဖြစ်ပြီး အခြေခံမှာ အတန်းပညာ တတ်မြောက်ရန်ပင် ဖြစ် ကြောင်း၊ လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အရေးကြီးကြောင်း” ကို လမ်းညွှန်မှာကြားမှုများ ရှိခဲ့ပါကြောင်း၊ နှစ်စဉ် ပညာသင်နှစ်အစ ကျောင်းဖွင့်ရာသီရောက်လာတိုင်း ကျောင်းသား/ ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြ သော ဝန်ထမ်းမိသားစု သား/သမီးများကို ဂုဏ်ပြုခြင်း များအား ဝန်ကြီးဌာနအနေဖြင့် အစဉ်အလာမပြတ် ပြုလုပ်ပေးလျက် ရှိပါကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မူလတန်းမှ အထက်တန်းအဆင့်ထိ တက်ရောက်မည့် ကျောင်းသား/ ကျောင်းသူ များအတွက် နိုင်ငံတော်အစီအစဉ်ဖြင့် အခမဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသလို၊ ဝန်ကြီးဌာန အနေဖြင့်လည်း တစ်ဖက်တစ်လမ်းက ပညာသင် ထောက်ပံ့ကြေးများ ပံ့ပိုး ပေးခြင်းကြောင့် ကျောင်းသား/ကျောင်းသူများ၏ ပညာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ သား/သမီးများကို ပညာတတ်များ ဖြစ်စေချင်သော မိဘများ၏မေတ္တာ၊ နှစ်စဉ် ပညာရည်ချွန်ဆုနှင့် ပညာသင် ထောက်ပံ့ကြေး ပေးအပ်သော ဝန်ကြီးဌာန၏ စေတနာ၊ နိုင်ငံတော်အကြီးအကဲများ၏ ပညာရေးနှင့် ပတ်သက်ပြီး ပညာတတ် လူတော်လူကောင်းများ မေွးထုတ်ပေးလျက်ရှိသော ကရုဏာ တို့ကို အမြဲရင်ဝယ်ထားပြီး နိုင်ငံတော်အတွက် လိုအပ်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်အောင် ကြိုးစားသွားရန် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ ဆေးတက္ကသိုလ်/ နည်းပညာ တက္ကသိုလ်/ ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်များတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူ(၁၆၆)ဦး၊ အထက်တန်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူ(၄၈)ဦး၊ အလယ်တန်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူ (၇၁)ဦး၊ မူလတန်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူ (၁၃၉)ဦး၊ စုစုပေါင်း (၄၂၄)ဦး၏ ပညာသင် ထောက်ပံ့ကြေးများအား ကိုယ်စား တက်ရောက်သူ (၅)ဦးထံ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

Admin

Admin

Leave a Reply

Your email address will not be published. Required fields are marked *

Top