၂၀၂၅ ခုနှစ်၊ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်းပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
နံနက်ပိုင်းမှ စတင်၍ ပြည်တွင်းပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း အချောထည်အတွဲများ၊ ကျောက်မျက် လက်ဝတ်ရတနာအတွဲများ၊ ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများနှင့် ကျောက်မျက်ရိုင်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ယခုပြပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကျောက်စိမ်းအတွဲ စုစုပေါင်း ၅၀၈၅ တွဲ၊ ကျောက်မျက်ရိုင်းအတွဲ ၁၃ တွဲနှင့် ကျောက်မျက် လက်ဝတ်ရတနာအတွဲ ၁၄၇ တွဲ စုစုပေါင်းအတွဲ ၁၆၀ နှင့် ပုလဲ အတွဲ ၄၈၉ တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ပြပွဲတွင် အသုံးပြုမည့် နိုင်ငံခြားငွေအမျိုးအစားများမှာ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေ အမျိုးအစားတို့ ဖြစ်သည်။
ပုလဲအတွဲများကို နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိလည်းကောင်း၊ ကျောက်မျက်အတွဲများ အားလုံးကို နိုဝင်ဘာ ၂၀ ရက်တွင်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ပြီး ငွေအမျိုးအစား သတ်မှတ်မှုအနေဖြင့် ကြမ်းခင်းဈေးအား အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားပြီး ငွေပေးချေမှုအတွက် ပြည်ပရတနာကုန်သည်များ အနေဖြင့် နိုင်ငံခြားငွေ၊ ပြည်တွင်းရတနာကုန်သည်များအနဖြင့် နိုင်ငံခြားငွေ (သို့မဟုတ်) မြန်မာကျပ်ငွေကို အသုံးပြုနိုင်မည်ဖြစ်သည်။
ကျောက်ရည်၊ ကျောက်သွေး ကောင်းမွန်မှု၊ လက်ဝတ်အချောထည်ထုတ်လုပ်နိုင်မှု၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဝင်မှုနှင့် တန်ဖိုးဈေးနှုန်းရရှိနိုင်မှု စသည့် အခြေအနေများအပေါ် အခြေခံပြီး အုပ်စု (အေ၊ ဘီ၊ စီ) အဖြစ် သုံးအုပ်စု ခွဲခြားထားသည့် ကျောက်စိမ်းအတွဲပေါင်း ၅၀၈၅ တွဲကို နိုဝင်ဘာ၂၁ ရက်မှ ၂၆ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်အားလုံး အနေဖြင့် အုပ်စုသုံးခုစလုံးကို ဝယ်ယူခွင့်ရရှိနိုင်မည်ဖြစ်သည်။
အဆိုပါ အတွဲများအတွက် ငွေအမျိုးအစား သတ်မှတ်မှုအနေဖြင့် အုပ်စု(အေ)နှင့် အုပ်စု(ဘီ)တို့အတွက် အမေရိကန်ဒေါ်လာဖြင့်လည်းကောင်း၊ အုပ်စု(စီ)အတွက် MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန် ရည်ရွယ်ရောင်းချခြင်း ဖြစ်ခြင်းကြောင့် မြန်မာကျပ်ငွေဖြင့်လည်းကောင်း သတ်မှတ်ထားပြီး ငွေပေးချေမှု ပြုလုပ်ရာတွင် ပြည်ပရတနာကုန်သည်များအနေဖြင့် နိုင်ငံခြားငွေကိုသာ သုံးစွဲရမည်ဖြစ်ပြီး ပြည်တွင်း ရတနာကုန်သည်များအနေဖြင့် အုပ်စု(အေ)အတွက် နိုင်ငံခြားငွေဖြင့် ပေးချေရမည်ဖြစ်ကာ အုပ်စု(ဘီ)အတွက် နိုင်ငံခြားငွေ သို့မဟုတ် မြန်မာကျပ်ငွေ၊ အုပ်စု(စီ)အတွက် မြန်မာကျပ်ငွေကို သုံးစွဲနိုင်မည်ဖြစ်သည်။
ထို့ပြင် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင် များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်းကားလျက်ရှိသည်။
ယခုကဲ့သို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရတနာများ ရောင်းချနိုင်ခြင်းသည် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရှာဖွေပေးနိုင်သကဲ့သို့ နိုင်ငံသားများအတွက်လည်း စီးပွားရေး အကျိုး ဖြစ်ထွန်းမှုများ ရနိုင်စေခဲ့ပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း အထောက်အကူပြုလျက် ရှိကြောင်း၊ ထို့ကြောင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် စီးပွားအကျိုးဖြစ်ထွန်းစေမည့် ကျောက်မျက်ရတနာပြပွဲများ အောင်မြင်စွာ ကျင်းပ နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြန်လည်အစားထိုးမရနိုင်သည့် သယံဇာတများဖြစ်သည့် ကျောက်မျက်ရတနာများနှင့် မြန်မာ့မြေအလှတရားကို ရှင်သန်တည်တံ့စေရန်အတွက် သယံဇာတစီမံခန့်ခွဲမှု လုပ်ငန်းများကိုလည်း စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။






