မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲပေါင်း ၆၄၀ တွဲ ရောင်းချရ

၂၀၂၅ ခုနှစ် (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ် နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် အုပ်စု(အေနှင့်ဘီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၉၀၀ တွဲအနက် ကျောက်စိမ်းအတွဲပေါင်း ၆၄၀ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရကြောင်း ထုတ်ပြန် ကြေညာသည်။

ထို့ပြင် ပြပွဲအဋ္ဌမနေ့တွင် ရောင်းချမည့် အုပ်စု(စီ) အတွဲအမှတ်(၂၉၀၁)မှ (၃၆၅၀) အထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများ အတွင်း ထည့်သွင်းကြသည်။ အဆိုပါ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးပြီး ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ကြေညာ သွားမည်ဖြစ်သည်။

ယနေ့ ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျောက်စိမ်းအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှုကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ပြပွဲတွင် အုပ်စု (အေ၊ ဘီနှင့် စီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၅၀၈၅ တွဲကို နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချပေးလျက်ရှိရာ ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၁၀၀၀ တွဲအနက် ကျောက်စိမ်းအတွဲပေါင်း ၇၅၄ တွဲကိုလည်းကောင်း၊ ပြပွဲဆဋ္ဌမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၁၀၀၀ တွဲအနက် ကျောက်စိမ်းအတွဲပေါင်း ၇၁၆ တွဲကိုလည်းကောင်း၊ ပြပွဲသတ္တမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၉၀၀ တွဲအနက် ကျောက်စိမ်းအတွဲပေါင်း ၆၄၀ တွဲကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၆ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။

ယင်းအုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေ အမျိုးအစားများဖြင့် ပေးချေဝယ်ယူနိုင်မည်ဖြစ်ပြီး ပြည်တွင်းရတနာကုန်သည်များအနေဖြင့် မြန်မာကျပ်ငွေဖြင့် ပေးချေဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

Admin

Admin

Top