၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူး ကာလ ဝန်ထမ်းများအတွက် ကံစမ်းမဲဖောက်လက်ဆောင်ပစ္စည်းနှင့် ငွေသားဆုများ ချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အားပေး

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်-၁၉ ပြည်ထောင်စု ဝန်ကြီးရုံး ဝန်ထမ်းများအတွက် ၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူး ကာလ  ကံစမ်းမဲဖောက်လက်ဆောင် ပစ္စည်းနှင့် ငွေသားဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ နေ့လည် ၁၂:၃၀ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အားပေး ချီးမြှင့်ပြီး နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားပြောကြား သည်။

          ပြည်ထောင်စုဝန်ကြီးက မကြာမီရက်အတွင်း ၂၀၂၅ ခုနှစ် ကုန်ဆုံး၍ ၂၀၂၆ ခုနှစ်၊ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိတော့မှာဖြစ်ကြောင်း၊ နှစ်သစ်အခါသမယတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ တွေ့ကြုံခံစားခဲ့ရသည့် အခက်အခဲ များကို တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လိုအပ်ချက်များလည်း ရှိနေ မည်ဖြစ်ပါကြောင်း၊ ပြန်လည်ပြုပြင်ပြီးစီးသည့် ပြန်လည်နေထိုင်ရာတွင်လည်း လိုအပ်ချက်များ ကိုဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နှစ်တစ်နှစ်ကုန်ဆုံးချိန်တွင် မိမိကိုယ်ကိုပြန်လည် သုံးသပ်၍ အားနည်းချက်များကို ပြင်ဆင်ကြိုးစားကြစေလိုပါကြောင်းဖြင့် ပြောကြားသည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားများ အသီးသီး ပြောကြပြီး တက်ရောက်လာကြသည့် ဝန်ထမ်းများအတွက် ကံစမ်းမဲ လက်ဆောင်ပစ္စည်းများနှင့် ငွေသားဆုများကို မဲနှိုက်ပေးရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က အထူးဆု-၁ ရရှိသူအားလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းသူက အထူးဆု-၂ ရရှိသူ အားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က အထူးဆု-၃ ရရှိသူအားလည်းကောင်း ပေးအပ်ခဲ့ပြီး ဝန်ထမ်းများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရှိရသည်။

Admin

Admin

Top