သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ၂၄-၄-၂၀၂၆ ရက်နေ့၊ ညနေပိုင်းတွင် မြန်မာနိုင်ငံ၏ ဓာတ်သတ္တုသယံဇာတ ဖြစ်ထွန်းမှုများနှင့် ဓာတ်သတ္တုများ ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်းနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းတို့ ဆောင်ရွက်နေသည့် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနသို့ ဒုတိယဝန်ကြီးများဖြစ်သော ဦးခင်လတ်ကြီးနှင့် ဒေါက်တာသောင်းနိုင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။
ဦးစွာ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့်က ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ ဘူမိဗေဒနှင့် ဘူမိသိပ္ပံဆိုင်ရာ နည်းပညာရပ်များ၊ ဓာတ်သတ္တုသယံဇာတ ဖြစ်ထွန်းမှုများနှင့် အရေးပါသော တွင်းထွက်များ ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်းနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း စသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ဓာတ်သတ္တုကဏ္ဍသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်နေ၍ ဌာနအလိုက် ပညာရှင်များ အနေဖြင့် ဓာတ်သတ္တုသယံဇာတများကို တိုးချဲ့ရှာဖွေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန်၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် သုတေသနစွမ်းဆောင်ရည် မြှင့်တင်ခြင်း လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန်၊ အရေးပါသော တွင်းထွက် ဓာတ်သတ္တုများ ရှာဖွေစမ်းသပ်တိုင်းတာခြင်းများကို ဦးစားပေးဆောင်ရွက်သွားရန်၊ ခေတ်မီ အတတ်ပညာနှင့် နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာကြရန်နှင့် တရားမဝင် ဓာတ်သတ္တု တူးဖော်မှုများ မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်တို့ကို ဖြည့်စွက် မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်သတ္တုဖြစ်ထွန်းမှု တည်နေရာပြမြေပုံများ၊ ဘူမိဗေဒ မြေပုံများနှင့် ကျောက်နမူနာ၊ ဓာတ်သတ္တု နမူနာများကို လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။










