ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ တောင်ဖီလာဒေသရှိ MAX Myanmar Manufacturing Co., Ltd. က ခွင့်ပြုမိန့် ရရှိထားသော ထုံးကျောက်လုပ်ကွက်များနှင့် MAX ဘိလပ်မြေစက်ရုံတို့သို့ ကြည့်ရှုစစ်ဆေး

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ တောင်ဖီလာဒေသရှိ MAX Myanmar Manufa-cturing Co., Ltd. က ခွင့်ပြုမိန့် ရရှိထားသော ထုံးကျောက်လုပ်ကွက်များနှင့်  MAX ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေထုတ်လုပ်ရန် အခြားကုန်ကြမ်းများ ရယူထားမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ပါသည်။

          ရှေးဦးစွာ MAX ဘိလပ်မြေစက်ရုံ ရှင်းလင်းဆောင်တွင် MAX Myanmar Manufacturing Co., Ltd. စက်ရုံမှူးနှင့် တာဝန်ရှိသူများက MAX အမှတ်တံဆိပ် ဘိလပ်မြေ ထုတ်လုပ်မှုအတွက် ဝန်ကြီးဌာနမှ ထုတ်ပေးထားသော ထုံးကျောက်အကြီးစားလုပ်ကွက်မှ ထုံးကျောက်များ ထုတ်လုပ်မှု အခြေအနေ၊ ဘိလပ်မြေ ထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြမ်းများဖြစ်သော ကျောက်မီးသွေးနှင့် ဂေါဒန်ကျောက် တို့အား ရယူထားမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး လုပ်ကွက်နှင့် စက်ရုံအနီး ဂေဟဖြည့်တင်း စိုက်ပျိုးရေး ဆောင်ရွက်ထားရှိမှု၊ ဒေသဖွံ့ဖြိုရေးအတွက် CSR လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

          တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပြည်တွင်း၌ အသုံးပြုရန် လိုအပ်သော ဘိလပ်မြေများကို ကြိုးပမ်း ထုတ်လုပ်သွားရန်နှင့် စဉ်ဆက်မပြတ် ဘိလပ်မြေများ ထုတ်လုပ်ရန် လိုအပ်သော ကုန်ကြမ်းများ ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

          ပြီးနောက် ဒုတိယဝန်ကြီးသည် ထုံးကျောက် ထုတ်လုပ်နေမှု အခြေအနေကိုလည်းကောင်း၊ ဘိလပ်မြေစက်ရုံအတွင်း ထုတ်လုပ်မှုလုပ်ငန်းများကိုလည်းကောင်း၊ ဂေဟဖြည့်တင်း စိုက်ပျိုးရေး အတွက် ကျွန်းပျိုးပင်များ ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်းကိုလည်းကောင်း လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။         

Admin

Admin

Top