မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ဖွင့်လှစ်သည့် ကျောက်စိမ်း၊ ကျောက်မျက် လက်ဝတ်ရတနာ ဒီဇိုင်းများ ပြုလုပ်ခြင်းသင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ကျောက်မျက်ရတနာသင်တန်းကျောင်း၌ ၂-၈-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမင်းသူ တက်ရောက်၍ သင်တန်းဆင်းဂုဏ်ပြု အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးလှမောင်သိန်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ဟန်၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဘိုခန့်နှင့် တာဝန်ရှိသူများ၊ ကျောက်မျက်ရတနာသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် GTC-TC ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြီးကြပ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ က အမှာစကားပြောကြားပြီး ကျောက်စိမ်း၊ ကျောက်မျက် လက်ဝတ်ရတနာ ဒီဇိုင်းများ ပြုလုပ်ခြင်းသင်တန်း အမှတ်စဉ်(၅)တွင် သင်ထောက်ကူ ကုန်ကြမ်းအတွက် ပါဝင်လှူဒါန်းသော လုပ်ငန်းရှင်များနှင့် သင်တန်း သား/သင်တန်းသူများ (On Job Training)ဆင်းရာတွင် ပံ့ပိုးကူညီပေးကြသော လုပ်ငန်းရှင်များ/ ကျွမ်းကျင်ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ သင်တန်းသား/ သင်တန်း သူများအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ က သင်တန်းဆင်းလက်မှတ် ချီးမြှင့်ခြင်းနှင့် သင်တန်းကျောင်းမိသားစုများမှ သရုပ်ဖော် အဆို အကများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ ဧည့်ခံကျွေးမွေးခြင်း၊ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများကို အခမ်းအနား အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား/သင်တန်းသူများမှ ပြုလုပ်ဖန်တီးထားသည့် ကျောက်စိမ်း၊ ကျောက်မျက် လက်ဝတ်ရတနာ ဒီဇိုင်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။















