၂၀၂၅ ခုနှစ်၊ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
ယနေ့နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြပြီး ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေး၍ ဈေးနှုန်း တင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ထို့နောက် ပုလဲအတွဲအမှတ် (၂၄၇)မှ အတွဲအမှတ် (၄၈၉)အထိ တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၂၁၉ တွဲ ရောင်းချရကြောင်း ကြေညာသည်။
ယနေ့ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ပုလဲအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှု၊ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ကျောက်မျက်အတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ပြပွဲစတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း ၁၆၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ပြီး အဆိုပါ ကျောက်မျက်အတွဲများအတွက် အခြေခံဈေးနှုန်းကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားကာ ဝယ်ယူခွင့်ရှိသည့် ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် နိုင်ငံခြားငွေ သို့မဟုတ် ကျပ်ငွေဖြင့်လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။
အလားတူ အုပ်စု (အေ၊ ဘီ၊ စီ) သုံးအုပ်စု ခွဲထားသည့် ကျောက်စိမ်း အတွဲပေါင်း ၅၀၈၅ အနက် အုပ်စု (အေ)နှင့် အုပ်စု(ဘီ)မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိလည်းကောင်း၊ အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်သည်။
ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့်လက်ဝတ်ရတနာ အရောင်းဆိုင်များ ကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်ရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အထောက်အကူပြုနိုင်ရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို နှစ်စဉ်ကျင်းပလျက် ရှိပြီး ၂၀၂၅ ခုနှစ်၊ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပေးလျက်ရှိကြောင်း သိရသည်။






