သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ၈-၃-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေအသုံးချမှု ပြောင်းလဲမှုများအား ဝေဟင်မှ လေယာဉ်ဖြင့် လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သစ်တောမြေဖြစ်သော ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများအတွင်း တရားမဝင်ကျူးကျော်ဝင်ရောက်နေမှုများ၊ မြေလွတ် မြေရိုင်းနှင့် လယ်ယာမြေများအား ခွင့်ပြုချက်မရဘဲ အခြားမြေအသုံးချမှုအဖြစ် ပြောင်းလဲအသုံးချ နေမှုများနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများတွင် ခွင့်ပြုချက်မရှိပဲ မြေအသုံးချနေမှုများအား လေယာဉ်ဖြင့် ဝေဟင်မှ ကနဦး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် ပြင်ဦးလွင်မြို့နယ် အတွင်း သစ်တောဖုံးလွှမ်းမှု တိုးပွားလာစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် သဘာဝတောများ ထိန်းသိမ်းခြင်း၊ စနစ်တကျ စီမံအုပ်ချုပ်ခြင်း၊ ရေဝေရေလဲဒေသများထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများ တည်ထောင်ခြင်း တို့အား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ တရားမဝင် ကျူးကျော် အခြေချခြင်းများနှင့် တရားမဝင် မြေအသုံးချခြင်းများ မရှိစေရန်၊ မြေအသုံးချနေမှုများ ဥပဒေနှင့်အညီ စနစ်ကျမှန်ကန်စေရန် သက်ဆိုင်ရာ ဌာနများမှ ကိုယ်စားလှယ်များ စုဖွဲ့ပြီး မြေပြင် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ၊ တောမီးနှင့် မီးခိုးမြူငွေ့အန္တရာယ်တားဆီးကာကွယ် ရေးလုပ်ငန်းများကို ထိရောက်စွာကြီးကြပ် ဆောင်ရွက်နိုင်ရန်အတွက် လေယာဉ်ဖြင့် လှည့်လည် စစ်ဆေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိသည်။



