သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ သဇင်လမ်းဘေး၌ ၃-၇-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး၊ ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်တို့နှင့်အတူ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာပြည်ထောင်စုဝန်ကြီးက သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စေရန်၊ ရာသီဥတု ပြောင်းလဲမှု ကာကွယ်ရန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် စိမ်းလန်းစိုပြည်သည့် ကမ္ဘာမြေ တစ်ခု လက်ဆင့်ကမ်းနိုင်ရန်အတွက် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုအချိန်သည် မုတ်သုံမိုးရွာသွန်းချိန် ဖြစ်သည့်အတွက် သစ်ပင်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သဖြင့် တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်အောင် ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ယခုနှစ်မိုးရာသီတွင် နိုင်ငံအဝန်း သစ်တောစိုက်ခင်း ဧက ၃ သောင်းကျော်၊ သစ်ပင်ပေါင်း ၂၁.၃၆သန်း စိုက်ပျိုး တည်ထောင်သွားမှာ ဖြစ်ကြောင်း၊ သဘာဝ သယံဇာတနှင့် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တွေကို လက်ရှိနှင့် အနာဂတ် နိုင်ငံတော်၊ နိုင်ငံသားများအားလုံးအတွက် အကျိုးရှိဆုံးဖြစ်အောင် စနစ်တကျ စီမံအုပ်ချုပ် လုပ်ကိုင်ခြင်းသည် ဝန်ကြီးဌာန၏ အနာဂတ် မျှော်မှန်းချက်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မဟော်ဂနီပင်အား ဦးဆောင် စိုက်ပျိုးပေးပြီး ဆက်လက်၍ တက်ရောက်လာသူများမှ သတ်မှတ်နေရာများတွင် သစ်မျိုး (၁၂)မျိုး၊ အပင်ပေါင်း (၁၂၀၀)ပင် စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။




