ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့၊ ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်တွင်  မြန်မာ့ကျောက်မျက်ရတနာပြပွဲ တက်ရောက်ဖွင့်လှစ် 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲ၊ ရွှေလီမြို့၊ ကျယ်ဂေါင် နယ်စပ်ကုန်သွယ်ရေးဇုန်၌ ကျင်းပပြုလုပ်မည့်  မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိနေစဉ် ဇူလိုင်လ ၂၂ ရက်နေ့ မနက်ပိုင်းတွင် Jincheng Dihai ဟိုတယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yubo နှင့် အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး ကျောက်မျက်ပြပွဲ ကျင်းပရန်အတွက် ဆောင်ရွက်ထားမှု အခြေအနေ များနှင့် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

ထို့နောက် Jiegao International Jade & Jewelry Trade Center၌ မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဦးစွာ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yubo က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပနိုင်ရန် ပူးပေါင်း ဆောင်ရွက်ပေးခဲ့သော တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှု ဆိုင်ရာလုပ်ငန်းများ တိုးမြှင့်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်မှု အခြေအနေနှင့် ယခုပြပွဲမှတစ်ဆင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု လုပ်ငန်း များအား တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးတို့က ပြပွဲအား ဖွင့်လှစ် ပေးခဲ့ပြီး ပြပွဲတွင် ခင်းကျင်းပြသထားသော ကျောက်စိမ်းအရိုင်းတွဲများအား လိုက်လံကြည့်ရှုခဲ့သည်။ ယခုပြသသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲအား ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Admin

Admin

Top